နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီက ဖမ်းဆီးဖို့ ခြိမ်းခြောက်နေပေမဲ့ လာမဲ့ ဆောင်းဦးရာသီ နယူးယောက်မှာကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ထုတ်ထားတဲ့ ဖမ်းဝရမ်းနဲ့ နေတန်ယာဟုကို ဖမ်းဖို့ရာ သူ့မှာ ဥပဒေကြောင်းအရ အခွင့်အာဏာမရှိဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က မြို့တော်ဝန် မမ်ဒါနီက ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် ဖက်ဒရယ်အစိုးရအနေနဲ့ နေတန်ယာဟုကို ဖမ်းဆီးပေးဖို့ မမ်ဒါနီက တိုက်တွန်းခဲ့ပြီး သူဟာ နယူးယောက်မြို့မှာ လာရောက်ဖို့ ကြိုဆိုမခံရသူဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မရှိဘူးလို့ ဇူလိုင် ၂၆ ရက်က Fox News ရဲ့ Sunday Morning Futures အစီအစဉ်မှာ နေတန်ယာဟုက တုံ့ပြန်ခဲ့ပြီး မြို့တော်ဝန်ဟာ အမုန်းစကားတွေကို လှုံ့ဆော်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
နေတန်ယာဟုက “သူဟာ ဂျူး၊ ခရစ်ယာန်၊ မွတ်စလင် အားလုံးအပါအဝင် နယူးယောက်မြို့သူ မြို့သား အားလုံးရဲ့ မြို့တော်ဝန် ဖြစ်ရမှာဖြစ်ပေမဲ့ သူကတော့ လူတစုနဲ့တစု ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၃ ရက်က နယူးယောက်မြို့မှာ ဂျူးလူမျိုးတယောက်နဲ့ အာရှသားတယောက် ဓားနဲ့အထိုးခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ဂျူးလူမျိုးတွေဟာ အခုချိန်မှာ ကြောက်ရွံ့နေကြတယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်း အခွင့်အရေးကို အပြင်းအထန် ထောက်ခံသူဖြစ်တဲ့ မမ်ဒါနီက ဂါဇာစစ်ဆင်ရေးတွေကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်ကတည်းက အဓိကထား ပြောဆိုခဲ့တာပါ။
သူက နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်လို့ ဝေဖန်ထားပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ကလေးငယ် ၂၁,၀၀၀ ကျော် အပါအဝင် လူပေါင်း ၇၃,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source: Reuters










