DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ နော်ဆာမူး ရရှိ
DVB
·
May 11, 2015
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ နော်ဆာမူး ရရှိ
Donate to DVB

၂၀၁၄ အတွက် ပဒိုမန်းရှားလူငယ်ခေါင်းဆောင်ဆုကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN)မှာ လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နော်ဆာမူးကို ရွေးချယ်ချီးမြှင့် လိုက်ပါတယ်။
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို အမှတ်ရတဲ့အနေနဲ့ သူ့ရဲ့သားသမီးတွေ ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်း ကနေ ၂၀၁၄ အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိသူ အမည်စာရင်းတင်သွင်းဖို့ ပြီးခဲ့တဲနှစ် ဒီဇင်ဘာလစပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

ဆုရရှိသူကိုတော့ မေလ ၆ ရက်နေ ၈ ရက်နေ့အထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်က ကေအန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်းမှာ ပြုလုပ်တဲ့ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာ ချီးမြှင့်ပါတယ်။
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ရရှိတဲ့ နော်ဆာမူးက ဒီဆုကို မမျော်လင့်ဘဲရရှိတဲ့ပေါ် ၀မ်းသာကြောင်းနဲ့ ဒါဟာ အမျိုးသားရေးအတွက်လုပ်ဆောင်ရာမှာတွန်းအားတခုဖြစ်တယ်လို့ ပြောပါတယ်။

“ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကျမရမယ်လို့ မထင်ထားခဲ့ပါဘူး။ ကျမ ကရင်အမျိုး သားနှီးနှောဖလှယ်ပွဲမှာ ရောက်ရှိတဲ့အချိန်အထိ ကျမရရှိမယ်မထင်ထားခဲ့ဘူး။ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့လူငယ်တွေ၊ စစ်သားလူငယ်တွေရရှိမယ်လို့ ထင်ထားခဲ့တာ။ ဆုရရှိကြောင်း ကျမ နာမည်ကို ကြေညာတဲ့အခါ ကျမ ထိတ်လန့်သွားတယ်။ ကျမကောဟုတ်ရဲ့လားပေါ့။ ဒါပေမယ့် ဒီဆု ရရှိတဲ့ပေါ် ၀မ်းသာပါတယ်။ ဒီဆုကိုရတဲ့အတွက် ကျမဟာ ကရင်လူထုတွေအတွက် ဆက်ပြီး အလုပ်လုပ်ရမယ်။ ဒီဆုဟာ ကျမကို ကရင်လူထုအတွက် အလုပ်လုပ်ဖို့ ကျမကို တွန်းပို့နေတာ ဖြစ်တယ်လို့ ခံစားရပါတယ်။”

ဒီဆုကို ပေးအပ်ချီးမြှင့်တဲ့ ဖန်းဖောင်ဒေးရှင်းက စောစေးစေးဖန်းက ဒီနှစ်အတွက် အမည်စာရင်း တင်သွင်းခံရသူ ၄ ဦးရှိပြီး နော်ဆာမူးဟာ ကရင်လူထုအတွက် တတ်စွမ်းသမျှ လုပ်ဆောင်သူဖြစ်တဲ့တွက် ပေးအပ်တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီလူငယ်ခေါင်းဆောင်နဲ့ ဘယ်လိုထိုက်တန်လဲဆိုတော့ သူ့ ဆွေမျိုး သူ့အမေအဖေတွေအား လုံးက နိုင်ငံခြားထွက်သွားတယ်။ သူက မသွားဘူး။ သူက ဒီမှာ သူ့လူမျိုးအတွက် သူတတ်နိုင်တဲ့ဘက်က တဒေါင့်တနေရာကနေ သူကြိုးစားလုပ်ဆောင်နေတဲ့အခါကျတော့ လူငယ်ထဲမှာ သူ့လူမျိုးအတွက် လုပ်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့ ရွေးချယ်လိုက်တာ ပေါ့နော်။”

လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင် ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာဖြစ်ပါတယ်။

ဒီဆုဟာ ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အသက် ၃၅နှစ် ထက်မကျော်သေးတဲ့ ကရင်လူငယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ဆုကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးအပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကိုတော့ ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး နော်ကညောဖောက ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013