
ယီမင်နိုင်ငံမှာ ဟူသီတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆော်ဒီ တိုက်လေယာဉ်တွေက လေကြောင်းကနေ ၄၇ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဟူသီအရာရှိတွေက အောက်တိုဘာ ၁ ရက် ညပိုင်းမှာ ပြောပါတယ်။
တာအိဇ်၊ ဆာအာဒါနဲ့ အယ်လ်ဂျာ့ဖ် ပြည်နယ်တွေက တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်တွေ၊ ကျောင်းတွေနဲ့ တခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ဆော်ဒီလေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဟူသီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ထုတ်ပြန် ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ခါမစ်မူရှိုက်နဲ့ တာအိဖ်ှမြို့တွေက လေတပ်စခန်းတွေကနေ ပျံတက်လာတဲ့ F-15 နဲ့ တိုင်ဖွန်း တိုက်လေယာဉ်တွေအပြင် ဂျာဇန်မြို့ကနေ ပစ်ခတ်တဲ့ ဒုံးကျည်တွေနဲ့ လုပ်ဆောင်ခဲ့တာလို့ သူက ဆိုပါတယ်။
ဒါကြောင့် အကျပ်အတည်း စတင်ချိန်ကစပြီး ဆော်ဒီရဲ့ လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှု စုစုပေါင်း အရေအတွက်ဟာ ၁,၂၅၆ ကြိမ် ရှိလာပြီလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆော်ဒီဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ အနောက်တောင်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံက ခါမစ်မူရှိုက်နဲ့ ဂျာဇန်မြို့တွေဘက်ကို ဟူသီတွေ ပစ်လွှတ်ခဲ့တဲ့ ပစ်မှတ်တူ ဘယ်လီစတစ် ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၄ စင်းကို ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးပစ်ခဲ့ကြောင်း ဖော်ပြထားတဲ့ ထုတ်ပြန်ချက်တခု တင်ခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလို တိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။
မနေ့အစောပိုင်းတုန်းကလည်း တာ့ဇ်မြို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဟူသီသူပုန် ၃၀ သေဆုံးပြီး ၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ ယီမင် အစိုးရတပ်တွေက ပြောပါတယ်။
Source: Reuters










