
ရခိုင်ပြည်က ကျောက်ဖြူနဲ့ စစ်တွေကို စစ်အာဏာရှင်တပ်က အင်အား ၁,၀၀၀ ထက်မနည်း ဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ်ကိုတော့ ရေကြောင်းကနေ ရွှေမင်းဂံ နေဗီဆိပ်ကမ်းကို မေလဒုတိယအပတ်မှာ အင်အားဖြည့်တင်းနေတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။
“စစ်တွေကိုလည်း ထပ်ဖြည့်တယ်၊ ရွှေမင်းဂံရေတပ်စခန်းကို ဖြည့်တယ်။ အဲဒီကနေ သူတို့ ကာကင်းစခန်းတွေ တပ်စွဲထားတဲ့ရွာတွေကို ဖြည့်တယ်။ တိုက်ပွဲက ဧပြီ နောက်ဆုံးအပတ်ကနေ ဒီနေ့ မေ ၁၁ ရက်ထိ ငြိမ်နေတာ၊ လက်နက်ကြီး ပစ်ခတ်မှုတော့ ရှိတယ်။”
ဒါ့အပြင် တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်ကိုတော့ လေကြောင်း၊ ရေကြောင်းကနေ ဒီလ ဒုတိယပတ်အတွင်းမှာပဲ အကြိမ်ကြိမ် ဖြည့်တင်းခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျောက်ဖြူကိုကျတော့ လေကြောင်းကရော ရေကြောင်းကပါ ဖြည့်တာ။ ရေတပ်စခန်းတွေကို အဓိကထားပြီး ဖြည့်တယ်။ စစ်တွေထက် ကျောက်ဖြူဘက်က အထိလည်းနာတယ်။ ပြီးတော့ ကျောက်ဖြူကို မိုးတွင်းကာလမှာ အလွယ်တကူကျမှာကို စိုးရိမ်ပုံရတယ်။”
စစ်တွေမှာ နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေပေမဲ့ ကျောက်ဖြူဘက်မှာတော့ သိုင်းချောင်း၊ မင်းပြင်ဝန်းကျင်နဲ့ သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်ခွဲ တောင်မော်ဦး ရေတပ်စခန်းဝန်းကျင်ဘက်တွေမှာ တိုက်ပွဲတွေက ရပ်လိုက်နားလိုက် ပြန်ဖြစ်လိုက် အနေအထား ရှိနေတယ်လို့ သိရပါတယ်။










