
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာထဲကို ဒီနေ့ ဇွန် ၁၉ ရက် မွန်းတည့် ၁၂ နာရီက လက်နက်ကြီးတလုံးကျပြီး အရပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရတယ်လို့ ဒေသံတွေဆီက သိရပါတယ်။
ဖားကန့်မြို့၊ ဆိုင်းတောင်ရွာထဲက ရပ်ကွက် ၃ ကို ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး အရောင်းဝန်ထမ်း ၂ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လုပ်နေတဲ့အချိန် ပစ်တာ။ ရပ်ကွက် ၃ ထဲကို ကျတယ်။ အရပ်သား ၂ ယောက်ထိတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး” လို့ DVB ကို ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ အမျိုးသား ၂ ယောက်ဖြစ်ပြီး ခါးထိဒဏ်ရာရသွားလို့ ဆေးခန်းကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဒီနေ့မနက် ဖားကန့်မြို့မှာ ပြုလုပ်ခဲ့ကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။










