
အီရန်ကို ဘယ်သူအုပ်ချုပ်နေလဲဆိုတာ ဘယ်သူမှ မသိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ ဒါဟာ သူ့အတွက် ကြီးမားတဲ့ ပြဿနာပဲလို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“သူတို့ရဲ့ ဒုတိယအုပ်စုခေါင်းဆောင်လည်း မရှိတော့ပါဘူး။ အီရန်က ဘယ်သူဦးဆောင်မှုနဲ့ လည်ပတ် နေလဲဆိုတာ ဘယ်သူမှ မသိတာက ကျနော့်အတွက် ကြီးမားတဲ့ ပြဿနာပါ။ ဒါပေမဲ့ အဲဒါက ကောင်းတဲ့ အရာ ဖြစ်နိုင်ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ပွဲ စတဲ့နေ့မှာ အီရန် ခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ပါတယ်။ သားဖြစ်သူ မိုတာဘာခါမေနီ ကလည်း ဖခင်ရဲ့နေရာကို ဆက်ခံခဲ့ပေမဲ့ အဲဒီနေ့ တိုက်ခိုက်မှုမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် လူထုရှေ့ ထွက်လာတာမျိုး မတွေ့ရတော့ပါဘူး။
အီရန်နိုင်ငံမှာ ခေါင်းဆောင်တွေ လူရှေ့ထွက်မပြပေမဲ့ အမေရိကန်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အစ္စရေးအပေါ် လက်တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့တာ တွေ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အီရန်နဲ့ လက်ဘနွန်တို့မှာ လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ စစ်ပွဲကြောင့် လောင်စာဆီ ဈေးမြင့်တက်ခဲ့ပြီး ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန်ပါတီအတွက်လည်း သက်တမ်းလယ် ရွေးကောက်ပွဲမှာ လွှတ်တော် ထိန်းချုပ်နိုင်ရေးအတွက်လည်း စွန့်စားမှုတခု ဖြစ်ပါတယ်။
လူနေမှုစရိတ်တွေလည်း မြင့်လာလို့ ထောက်ခံမှုအဆင့်မှာ အနိမ့်ဆုံးရောက်ခဲ့တဲ့ ထရမ့်ပ်ဟာ အီရန်စစ်ပွဲအတွက် ကြာမြင့်ချိန်နဲ့ ရည်ရွယ်ချက်တွေကို ပြောင်းလဲ ပြောဆိုနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











