ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့တွေက အီရန်၊ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတို့နဲ့ အတူ အစ္စရေးကို ပူးတွဲ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီစစ်တပ်က ဧပြီ ၄ ရက်မှာ ပြောပါတယ်။
ဟူသီအဖွဲ့ကို ပိုကျယ်ပြန့်တဲ့ ဒေသတွင်းမဟာမိတ်အဖွဲ့နဲ့ ပိုပြီးတိုက်ရိုက်ချိတ်ဆက်ပေးတဲ့ နောက်ဆုံးထုတ်ပြန်ချက် ဖြစ်ပါတယ်။
ဟူသီအဖွဲ့ဟာ တဲလ်အဗစ်မြို့နားက အစ္စရေးရဲ့ ဘင်ဂူရီယန်လေဆိပ်အပြင် အစ္စရေးတောင်ပိုင်းက တခြား အရေးကြီးပစ်မှတ်တွေနဲ့ စစ်ရေးပစ်မှတ်တွေကို ပစ်မှတ်ထားတဲ့ “ပဉ္စမမြောက် စစ်ရေးစစ်ဆင်ရေး”လို့ ဖော်ပြထားတဲ့ စစ်ဆင်ရေးကို ဆင်နွှဲခဲ့တယ်လို့ ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
တိုက်ခိုက်ရာမှာ ပဲ့ထိန်း ကလပ်စတာဒုံးကျည်နဲ့ ဒရုန်းတွေ အများအပြားပါပြီး အီရန်တော်လှန်ရေး အစောင့်တပ်၊ အီရန်စစ်တပ်နဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတပ်တွေနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ဆင်ရေးက ရည်မှန်းချက်တွေကို အောင်အောင်မြင်မြင် ပြီးမြောက် အောင်မြင်ခဲ့တယ်လို့လည်း ကြေညာချက်ထဲမှာ အခိုင်အမာပြောပါတယ်။
ဟူသီတွေ အီရန်ပဋိပက္ခမှာ ပါလာချိန်မှာ ဒုတိယအဓိက သင်္ဘောလမ်းကြောင်းဖြစ်တဲ့ ဘာ့ဘ် အယ်လ်-မန်ဒက်ရေလက်ကြားကို ပစ်မှတ်ထား ပိတ်ဆို့နိုင်တဲ့ အလားအလာကို မြှင့်တင်ပေးခဲ့ပါတယ်။
ဟူသီတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စခဲ့တဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကို မရပ်ရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက် မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဘာ့ဘ် အယ်လ်မန်ဒက် ဒါမှမဟုတ် မျက်ရည်တံခါးလို့ နာမည်ပေးထားတဲ့ ရေလက်ကြားဟာ အာရေဗျကျွန်းဆွယ်က ယီမင်နဲ့ အာဖရိကကမ်းရိုးတန်းက ဂျီဘူတီနဲ့ အီရီထရီးယားနိုင်ငံ တို့ကြားက ပင်လယ်နီရဲ့ တောင်ဘက်ထွက်ပေါက်ပါ။
ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်စည်ပို့ဆောင်မှုတွေ၊ အထူးသဖြင့် စူးအက်တူးမြောင်း ဒါမှမဟုတ် အီဂျစ်ရဲ့ ပင်လယ်နီကမ်းရိုးတန်းက စူမဒ် SUMED ပိုက်လိုင်းကတဆင့် ပင်လယ်ကွေ့ကနေ မြေထဲပင်လယ်ဆီ ဦးတည်တဲ့ ရေနံစိမ်းနဲ့ လောင်စာဆီတွေအတွက် ကမ္ဘာ့အရေးအကြီးဆုံး လမ်းကြောင်းတွေထဲက တခုဖြစ်ပါတယ်။










