ဟော်မုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းခ ပူးတွဲကောက်ခံဖို့ အီရန်နဲ့ အိုမန် ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းထွက်လာအပြီးမှာ အိုမန်နိုင်ငံ အေးဆေးမနေရင် “ဖောက်ခွဲပစ်မယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ မြောက်ဘက်မှာ အီရန်၊ တောင်ဘက်မှာ အိုမန်နိုင်ငံတို့ကြား တည်ရှိနေတာပါ။
“ရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်လို့ ဘယ်သူမှ ထိန်းချုပ်ခွင့် မရှိဘူး” လို့ မေ ၂၆ ရက်မှာ သမ္မတထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ကပဲ စောင့်ကြည့်သွားမှာဖြစ်ပြီး အိုမန်အနေနဲ့ တခြားသူတွေလိုပဲ အေးဆေး နေထိုင်သင့်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ကမ္ဘာ့ရေနံ ထောက်ပံ့မှုရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းသွားလာနေတဲ့ ဒီရေလက်ကြားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
အီရန်ဟာ လာမဲ့ နိုဝင်ဘာလ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအထိ အချိန်ဆွဲဖို့ ကြိုးစားနေတယ်လို့ မေ ၂၇ ရက် အစည်းအဝေးမှာ သမ္မတက စွပ်စွဲပါတယ်။
သမ္မတရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အားထုတ်ကြိုးပမ်းမှုတွေအပေါ် ရီပတ်ဘလစ်ကန် ခေါင်းဆောင်တချို့ကလည်း ဝေဖန်နေကြပါတယ်။
“ရက် ၆၀ အပစ်အခတ်ရပ်စဲရေးဟာ ကပ်ဘေးဆိုက်တာပဲ ဖြစ်လိမ့်မယ်” လို့ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာ ကော်မတီဥက္ကဋ္ဌ ရော်ဂျာဝစ်ကာက ထောက်ပြထားပါတယ်။
“ဒီလိုရပ်စဲလိုက်ရင် စစ်ဆင်ရေးတွေအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မယ်” လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။










