ပြီးခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အိမ်ဖြူတော်ကနေ ပြောကြားတဲ့ ဒီရုပ်သံမိန့်ခွန်းကို နိုင်ငံရေးအရ အစွန်းရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန် ရုပ်သံလိုင်းကြီး ၃ ခုက တိုက်ရိုက်ထုတ်လွှင့်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
သမ္မတထရမ့်ပ်က “တရားမျှတပြီး ရိုးသားတဲ့ ရွေးကောက်ပွဲတွေ မရှိဘဲ ဘယ်နိုင်ငံမှ ကြီးကျယ်ခမ်းနားလာမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
"ယုံကြည်မှုမရှိရင် ကြီးကျယ်ခမ်းနားမှုဆိုတာ မရှိနိုင်ပါဘူး၊ ကံမကောင်းစွာနဲ့ဘဲ ကျုပ်တို့ရဲ့စနစ်ဟာ အဲဒီစံနှုန်းအောက်ကို ဆိုးဆိုးရွားရွား ကျဆင်းနေပါတယ်" လို့ သူက ထပ်လောင်းပြောဆိုပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်မဲဆန္ဒရှင် သန်း ၂၂၀ ရဲ့ အချက်အလက်တွေကို တရားမဝင် ရယူခဲ့တယ်လို့ သမ္မတက ဆိုပေမဲ့ ၂၀၂၁ ခုနှစ် ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ တရုတ်က ဝင်ရောက်စွက်ဖက်တာမျိုး မရှိဘူးလို့ အတိအလင်း ဖော်ပြထားပါတယ်။
တင်းကျပ်တဲ့ မဲဆန္ဒရှင်အထောက်အထားပြ ဥပဒေ (SAVE America Act) ကို အတည်ပြုနိုင်ဖို့ သမ္မတက ဖိအားပေးတာဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ဒါဟာ လာမဲ့ နိုဝင်ဘာလ သမ္မတသက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲ ရလဒ်တွေကို စိန်ခေါ်နိုင်ဖို့ ကြိုတင်ခြေလှမ်းပြင်တာ ဖြစ်တယ်လို့လည်း ဒီမိုကရက်တစ်ပါတီဝင် ဒုသမ္မတဟောင်း ကမ်မလာ ဟဲရစ်က သတိပေးထားပါတယ်။
ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးကလည်း "အမေရိကန် ရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံက ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိသလို နောင်လည်း စွက်ဖက်မှာ မဟုတ်ပါဘူး" လို့ တုံ့ပြန်ထားပါတယ်။










