အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးခတ်ဇ်က ဟစ်ဇ်ဘိုလာတို့ သုံးနေတဲ့ နယ်စပ်က အိမ်တွေကို ဖြိုပစ်မယ်လို့ ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။
အစ္စရေးခတ်ဇ်က “ကျနော်တို့တပ်တွေကို ခြိမ်းခြောက်တဲ့ ဘယ်အဆောက်အအုံမဆို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရှိတယ်လို့ သံသယရှိတဲ့ ဘယ်လမ်းကိုမဆို ချက်ချင်း ဖျက်ဆီးရမယ်”လို့ ပြောပါတယ်။
အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျူးအခြေချနေထိုင်ရာ ဆာနူးရ် ရပ်ကွက်မှာ ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာ ခတ်ဇ်က ခုလိုပြောခဲ့တာပါ။
အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို လက်နက် ဖြုတ်သိမ်းရေးဟာ လက်ဘနွန်မှာ အစ္စရေး စစ်ဆင်ရေးရဲ့ အဓိကရည်မှန်းချက်ပဲလို့လည်း သူက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံအတွင်း တပ်ဖြန့်ချထားရေးမျဉ်းသစ်ရဲ့ မြေပုံကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာနဲ့ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ စွန့်ပစ်ထားတဲ့ လက်ဘနွန်ရွာပေါင်း များစွာကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
လက်ဘနွန် အရာရှိတွေနဲ့ ဟစ်ဇ်ဘိုလာတွေက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲတွေမှာ အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ဧပြီ ၁၆ ရက်မှာ သဘောတူခဲ့ကြပါတယ်။
မြေပုံပေါ်မှာ အရှေ့ကနေ အနောက်ဆီ ဖြန့်ကြက်ထားတဲ့ တပ်ဖြန့်ချထားရေးမျဉ်းဟာ နယ်စပ်ကနေ လက်ဘနွန်နယ်မြေ အထဲကို ၅ ကီလိုမီတာကနေ ၁၀ ကီလိုမီတာအထိ နက်နက်ရှိုင်းရှိုင်း ဝင်နေပြီး ကြားခံဇုန်လို့ ခေါ်တဲ့ဇုန်တခု ဖန်တီးဖို့ အစ္စရေးက စီစဉ်ထားပါတယ်။
အစ္စရေးရဲ့ မြောက်ပိုင်းမြို့တွေကို ဟစ်ဇ်ဘိုလာတွေက တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ အစ္စရေးတပ်ဖွဲ့တွေက ပြောပြီး အဲဒီဒေသက လက်ဘနွန်ရွာတွေကို အစ္စရေးက ဖျက်ဆီးခဲ့ပါတယ်။
Source: Reuters










