
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲ၊ ဘွေလီရွာကို ဂျက်ဖိုက်တာတစင်းနဲ့ ဗုံးကြဲပြီး စက်တင်ဘာ ၁၃ ရက် ဒီမနက်အစောပိုင်း ၁၂ နာရီလောက်မှာ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာအနီးကိုလည်း ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ဘွေလီကျေးရွာအနီးဝန်းကျင်ကို ပေါင် ၃၀၀ ဗုံးတလုံးကြဲသလို ရော့ကက်နဲ့လည်း ပစ်ခတ်တာကြောင့် ကုန်စုံဆိုင်တဆိုင်၊ ထမင်းဆိုင်နဲ့ ကားတစ်စီးပျက်သွားခဲ့ပါတယ်။
ပလက်ဝ ဒေသခံတယောက်က “ပလက်ဝ-မတူပီမြို့နယ်လမ်းပိုင်းက ဘွေလီရွာကို မနေ့က ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ ဂျက်ဖိုက်တာတစင်းနဲ့ ပေါင် ၃၀၀ ဗုံးတလုံးနဲ့ ရော့ကတ်တလုံး ကြဲသွားတာ။ စတားလင့်ဆိုင်အနီးမှာ ကျတာ။ လူအထိအခိုက်တော့ မရှိလိုက်ဘူး။ ကုန်စုံဆိုင်တဆိုင်၊ ကားတစီးနဲ့ စတားလင့်တလုံးပျက်စီးသွားတယ်။ အိမ်မွေးကြက်တွေလည်း သေဆုံးသွားတာ ရှိတယ်။ အဓိကတော့ အိန္ဒိယဘက်ကလာတဲ့ ကုန်စည်တွေကို ချင်းပြည်တောင်ပိုင်း မြို့နယ်တွေကို သယ်တဲ့လမ်းပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ။ ဘာစစ်ဘက်ဆိုင်ရာ အဆောက်အဦမှ မရှိဘူး” လို့ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ အလုပ်အကိုင် အတည်တကျမရှိဘဲ တနေရာပြီး တနေရာ စစ်ဘေးရှောင်နေရပြီး အလုပ်အကိုင်တွေ ခက်ခဲလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘွေလီရွာဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် (ဆမီးမြို့နယ်ခွဲ)နဲ့ မတူပီမြို့နယ်အကြားမှာတည်ရှိတဲ့ ကျေးရွာဖြစ်ပြီး မတူပီနဲ့ ပိုနီးစပ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်က ပလက်ဝမြို့နယ်၊ စိမ်းညှင်ဝရွာကို စစ်တပ်က ဗုံးကြဲလို့ ကလေး ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံး၊ ၁၇ ယောက် ဒဏ်ရာရပြီး သြဂုတ် ၂၆ ရက်ကလည်း ပလက်ဝမြို့နယ်၊ မီးဇာရွာကို ဗုံးကြဲလို့ ၂ ယောက်သေ၊ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်၊ ဒီမနက် ၁၂ နာရီ ၅ မိနစ်နဲ့ ၁၀ မိနစ်ဝန်းကျင်မှာလည်း ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာပတ်ဝန်းကျင်ကို စစ်အာဏာရှင်လေတပ်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကြောင်ဖိုရွာကို ဂျက် ၂ စင်းနဲ့ ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၃၀၀ ဗုံးတလုံး ကြဲသွာတာရှိတယ်။ နေအိမ်အချို့ ပျက်စီးမှုရှိတယ်။ လူအထိအခိုက်တော့ အတည်ပြုပေးလို့ မရသေးဘူး။ ညအချိန် လူတွေအိပ်ကောင်းချိန်မှာ အမှောင်ထုကို အခွင့်အရေးယူပြီး အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းဗုံးကြဲသွားတာ။ ရခိုင်ဘက်က နေ့တိုင်းလိုလို လေကြောင်းအန္တရာယ် အထူးသတိပြုနေကြရတယ်” လို့ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်ကလည်း ကြောင်ဖိုရွာနဲ့အနီးဝန်းကျင်ကို ဗုံးကြဲလို့ ကျေးရွာသား ၇ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင်လကတည်းက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို နေ့တိုင်းလိုလို ဗုံးကြဲနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးနေပါတယ်။











