
သဘောတူညီမှုကို အီရန်က အပြည့်အဝ လိုက်နာတဲ့အထိ အီရန်နိုင်ငံပတ်လည်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေနဲ့ တပ်ဖွဲ့တွေကို ထားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
“အမေရိကန် စစ်င်္ဘောတွေ၊ စစ်လေယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ အားလုံး အပါအဝင် လက်နက်ခဲယမ်းတွေလည်း ထပ်ဖြည့်ပြီး အီရန်ပတ်ပတ်လည်မှာ ဆက်ရှိနေဦးမှာပါ။ အပြည့်အဝ သဘောတူညီမှုရောက်မဲ့ စစ်မှန်တဲ့ သဘောတူညီမှု ရတဲ့အချိန်အထိ တပ်စွဲထားတာကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
ထရမ့်ပ်ဟာ အီရန်နဲ့ဆွေးနွေးဖို့ ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့ကို ပါကစ္စတန်ဆီ စေလွှတ်ထားတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီ ၁၁ ရက်မှာ ပထမဆုံးဆွေးနွေးမှု ပြုလုပ်မှာဖြစ်ပါတယ်။
အဲဒီအဖွဲ့မှာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့နဲ့ ထရမ့်ပ်ရဲ့ သမက်လည်း ပါတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
အီရန်နဲ့ဆွေးနွေးပွဲမှာ ဂျေဒီဗန့်စ်က အဓိကလူအဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လဲဗစ်က ပြောပါတယ်။
အမေရိကန်အစိုးရနဲ့ တရုတ်နိုင်ငံတို့ရဲ့ ထိပ်သီးအရာရှိတွေလည်း ဆွေးနွေးမှု ပြလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးက လက်ဘနွန်ကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူရာချီသေဆုံးမှုကြောင့် အမေရိကန်ရဲ့ အမြဲတမ်း ငြိမ်းချမ်းရေးသဘောတူညီမှုဟာ ယုတ္တိမရှိဘူးလို့ အီရန်က ပြောဆိုထားပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ ယူရေနီယံသန့်စင်ရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးမှုတွေ ပြုလုပ်ရဖို့ ရှိနေပါတယ်။
အီရန်က ယူရေနီယံ သန့်စင်တာတွေ ရပ်ဖို့ သဘောတူတယ်လို့ ထရမ့်ပ်က ပြောထားပြီး အီရန်လွှတ်တော်ကလည်း သဘောတူညီမှုအောက်မှာ ယူရေနီယံသန့်စင်မှုတွေ လုပ်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
ထရမ့်ပ်ကတော့ ဒီသဘောတူမှုက ဟိုးအရင်တုန်းက ဖြစ်ပြီး နျူကလီးယားလက်နက်တွေ မလုပ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ဖို့ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ထပ်မံ ပို့စ်တင်ထားပါတယ်။
Source: Reuters











