
မစ်ဒယ်ဘရော့အသင်းဟာ မန်ချက်စတာယူနိုက်တက်က ဂိုးသမား ရာဒက်ဗီတက်ခ်ကို ခေါ်ယူလိုက်ပါတယ်။
အသက် ၂၂ နှစ်ရှိတဲ့ ချက်လက်ရွေးစင် ဂိုးသမား ဗီတက်ခ်ဟာ မန်ယူအတွက် တပွဲမှ အပြိုင်အဆိုင်ပွဲ မကစားခဲ့ရပါဘူး။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ဘရစ္စတိုစီးတီးမှာ အငှားနဲ့ သွားကစားခဲ့ပြီး လိဂ်ပွဲ ၄၁ ပွဲ ကစားခဲ့တာပါ။
မစ်ဒယ်ဘရော့အတွက်တော့ ဒီနွေရာသီမှာ ခေါ်ယူတဲ့ ၇ ယောက်မြောက် ကစားသမား ဖြစ်ပါတယ်။
ဗီတက်ခ်ကတော့ မစ်ဒယ်ဘရော့အသင်းရဲ့ ပရောဂျက်ကို သဘောကျကြောင်း ပြောပါတယ်။ ကလပ်ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ကို တက်လှမ်းဖို့ ရှင်းရှင်းလင်းလင်း ရှိတယ်လို့ ဆိုပါတယ်။
အသင်းကလူတိုင်း ဒီစိတ်ဓာတ်ရှိပြီး သူလည်း အတူတူပဲလို ဗီတက်ခ်က ပြောပါတယ်။ မစ်ဒယ်ဘရော့ဟာ ကာရာဘောင်းဖလားမှာ ရက်စ်ဟမ်းကို ၁-၀ ဂိုး နဲ့ အနိုင်ရပြီး ရာသီစတင်ထားတာပါ။ လာမဲ့ စနေနေ့မှာ လင်ကွန်းစီးတီးနဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ဗီတက်ခ် ပွဲထွက်ခွင့်ရနိုင်ပါတယ်။










