ယူကရိန်းနယ်စပ်က အုပ်ချုပ်ရေးမှူး ၂ ဦးကို ရုရှားသမ္မတက တာဝန်ပြောင်းလဲခန့်အပ်
DVB
·
May 14, 2026
ရုရှားနိုင်ငံက ဘယ်လ်ဂိုရော့ဒ်နဲ့ ဘရီးယန့်စ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ရာထူးကနေ နုတ်ထွက်ခဲ့ကြတယ်လို့ ကရင်မလင် ရုရှားသမ္မတနန်းတော်က မေ ၁၃ ရက်မှာ ပြောပါတယ်။
ဒါကြောင့် အလက်ဇန်းဒါးရှူးဗားဗ်ကို ဘယ်လ်ဂိုရော့ဒ်ဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး ယီဂေါ်ကိုဗယ်ချောက်ကိုတော့ ဘရီးယန့်စ်ဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။
သူတို့ကို ခန့်အပ်အပြီးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရှူဗေးဗ်နဲ့ ကိုဗယ်ချောက် ၂ ယောက် စလုံးကို တွေ့ဆုံခဲ့တယ်လို့ ကရင်မလင်က ဆိုပါတယ်။
ဒီဒေသ ၂ ခုစလုံးက ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ယူကရိန်းတပ်ဖွဲ့တွေက မကြာခဏ ပစ်မှတ်ထားတာ ခံရလေ့ရှိပါတယ်။
ယူကရိန်းရဲ့ ကိယက်ဗ်မြို့တော်ကို မေ ၁၄ ရက်က ရုရှားရဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ဒုံးကျည်တစင်း အဆောက်အအုံထဲ ကျခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက ပြိုကျနေတဲ့ အဆောက်အအုံရဲ့ အပျက်အစီးတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖို့နဲ့ အပျက်အစီးတွေကို ရှင်းလင်ဖို့ ကရိန်းတွေနဲ့ အကြီးစား စက်ယန္တရားတွေကို သုံးခဲ့ရပါတယ်။
ဒုံးကျည်တစင်းက အဆောက်အအုံနားကို ကျရောက်ခဲ့ပြီး ဖန်ကွဲစတွေ ရွာကျလာချိန်မှာ ပေါက်ကွဲမှုလှိုင်းက သူ့ကို ဘေးဘက်ကို လွင့်စဉ်သွားစေခဲ့တယ်လို့ ဒဏ်ရာရရှိသူတယောက်က ပြောပါတယ်။










