
စစ်အာဏာရှင်အစိုးရဟာ မေ ၁ ရက်ကစပြီး ပြည်ပကနေ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အကောက်ခွန်နှုန်းထားတွေကို သိသိသာသာတိုးမြှင့်ကောက်ခံတော့မှာဖြစ်လို့ လက်ရှိ တက်နေတဲ့ ကုန်ဈေးနှုန်းတွေဟာ ထပ်ပြီးပိုမိုတက်လာမှာကို ပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ပြည်တွင်းကုန်ထုတ်လုပ်မှုကို အကာအကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရက အခွန်နှုန်းထားသစ်တွေ တိုးမြှင့်သတ်မှတ်လိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သတ်မှတ်ထားတဲ့ နှုန်းထားတွေကို ပယ်ဖျက်ပြီး ကုန်စည်အမျိုးအစားအလိုက် ၁ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ တိုးမြှင့်တဲ့ အမိန့်စာကိုလည်း လွှတ်တော်မှာ သမ္မတရွေးတာ၊ အစိုးရအဖွဲ့ဖွဲ့တာတွေ မလုပ်ခင် မတ်လ ၃၀ ရက်က ကြိုတင်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီတိုးမြှင့်မှုမှာ အေးခဲဆယ်လ်မွန်နဲ့ ငါးကွမ်းရှပ်စတဲ့ ရေထွက်ကုန်တွေဟာ အရင်ကထက် ၃ ဆနီးပါး အခွန်တိုးလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ထောပတ်၊ ဒိန်ခဲ၊ လက်ဖက်ခြောက် စတာတွေကိုလည်း ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ကို တိုးမြှင့်ထားပါတယ်။
အသင့်စားမုန့်တွေဖြစ်တဲ့ ခေါက်ဆွဲခြောက်နဲ့ ဘီစကွတ်တွေဟာ အရင် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ အခွန်နှုန်းထား မြင့်တက်လာမှာဖြစ်သလို၊ ပလတ်စတစ်ပစ္စည်း၊ ထီးအမျိုးမျိုး၊ ကလေးနို့ဘူးနဲ့ မော်တော်ဆိုင်ကယ် တာယာတွေလည်း အရင်ကထက် ၅ ရာခိုင်နှုန်းစီ ပိုပေးဆောင် ရတော့မှာပါ။
လုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ် ထရန်စဖော်မာတွေ၊ ဂျုံအိတ်နဲ့ ဂုံနီအိတ်တွေအပေါ်မှာလည်း အခွန်နှုန်းထားတွေ တိုးမြှင့်ထားတာကို တွေ့ရပြီး စက်သုံးဆီနဲ့ စက္ကူလို လုပ်ငန်းသုံးပစ္စည်းတွေမှာ လည်း အခွန်နှုန်းထားတွေ အနည်းငယ်စီ တိုးမြှင့်ထားတာ တွေ့ရပါတယ်။
အရင်ကတည်းက သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေကြောင့် ပစ္စည်းပြတ်လပ်နေတဲ့ ဈေးကွက် အတွင်းမှာ အခုလို အခွန်တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်းကို ထပ်တက်လာမှာကို စားသုံးသူ တွေက စိုးရိမ်နေကြပါတယ်။
သွင်းကုန်လျှော့ချပြီး ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်မယ်လို့ ပြောဆိုနေပေမဲ့ လက်တွေ့ မြေပြင်မှာ တော့ လျှပ်စစ်မီး ပုံမှန်မရတာ၊ ကုန်ကြမ်းရှားတာ၊ ကုန်စည်ပို့ဆောင်ရေးစနစ်ခက်ခဲတာစတဲ့ စိန်ခေါ်မှုတွေကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်လုပ်မှုကလည်း ချက်ချင်း တိုးတက်လာဖို့ ခက်ခဲနေပါတယ်။
ဒါကြောင့် ဒီမူဝါဒဟာ ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးနိုင်ဖို့ထက် စားသုံးသူတွေ အပေါ် ကုန်ဈေးနှုန်း ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာစေမှာကို အများစုက စိုးရိမ်နေကြတာပါ။










