
ဟော်မုဇ် ရေလက်ကြားမှာအမေရိကန်က တားဆီးပိတ်ဆို့ထားတဲ့ နေရာနားကို အီရန်သင်္ဘောတွေ နီးကပ်လာမယ်ဆိုရင် အမေရိကန်တပ်ဖွဲ့တွေက “ချေမှုန်းပစ်မယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁၃ ရက်မှာ သတိပေးလိုက်ပါတယ်။
ထရမ့်ပ်က သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက် Truth Social မှာ “အီရန်ရေတပ်ဟာ ပင်လယ်အောက်မှာပဲ အပြတ်အသား ဖျက်ဆီးခံထားရပြီး သင်္ဘော ၁၅၈ စင်း ပျက်စီးခဲ့ပြီ။ ကျနော်တို့ မတိုက်ခိုက်သေးတာက အမြန်တိုက်သင်္ဘော အနည်းငယ်ပဲဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် “ဒီသင်္ဘောတွေထဲက တစင်းစင်းဟာ ကျနော်တို့ရဲ့ ပိတ်ဆို့ရေးနယ်မြေနားကို နီးကပ်လာရင် ပင်လယ်ပေါ်က မူးယစ်ဆေးဝါးကူးသန်းသူတွေကို တိုက်ခိုက်သလိုပဲ ချက်ချင်း ဖျက်ဆီးပစ်မယ်” လို့ ဆိုပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ကလည်း သမ္မတရဲ့ အမိန့်အရ အရှေ့ပိုင်းစံတော်ချိန် တနင်္လာနေ့ မနက် ၁၀ နာရီကစပြီး အီရန်ဆိပ်ကမ်းတွေကို ဝင်ထွက်ကြတဲ့ ရေကြောင်းသွားလာမှုအားလုံးကို ပိတ်ဆို့မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်အရ ပိတ်ဆို့မှုဟာ ပါရှန်း ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ရှိ အီရန် ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းဒေသတွေကို ဝင်ထွက်ကြတဲ့ နိုင်ငံအားလုံးရဲ့ သင်္ဘောတွေ အကျုံးဝင်ပါတယ်။
ဒါပေမဲ့ အီရန်မဟုတ်တဲ့ ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာပြီး ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို မထိခိုက်စေဘူးလို့ ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
Source: Reuters










