DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်မြောက်ပိုင်း ထိုးစစ်များ ရပ်တန့်ရေး ပန်ဆန်း ညီလာခံတောင်းဆို
DVB
·
May 7, 2015
မြန်မာပြည်မြောက်ပိုင်း ထိုးစစ်များ ရပ်တန့်ရေး ပန်ဆန်း ညီလာခံတောင်းဆို
1 / 2
Donate to DVB

မြန်မာပြည် မြောက်ပိုင်းမှာ အစိုးရစစ်တပ်ရဲ့ ထိုးစစ်ဆင်နေမှုတွေကို  ချက်ချင်းရပ်တန့်ဖို့  ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမှာ ကျင်းပတဲ့  တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့  ခေါင်းဆောင်တွေရဲ့ ၆ ရက် ကြာ  ထိပ်သီးအစည်းအဝေးပွဲအပြီး တောင်းဆိုလိုက်ပါတယ်။

မေလ ၆ ရက် ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ သဘောတူညီချက် ၁၂ ချက်ထဲမှာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေးကို အထူးအလေးအနက်ထားကြောင်းနဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တဖက်နဲ့ တဖက် ငြိမ်းချမ်းရေး ပျက်ပြားစေတဲ့  လက်ရှိ ကချင်၊ တအာန်း၊ ကိုးကန့်နဲ့  ရခိုင်ဒေသတွေမှာ  မြန်မာ့တပ်မတော်က ပြုလုပ်နေတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့  အလေးအနက်တောင်းဆိုတယ်လို့ ဖော်ပြပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့လည်း သဘောတူခဲ့ကြပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချူပ်ကို ဦးစွာလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ အဲဒီစာချူပ်မှာ အပစ်မရပ်သေးတဲ့ တော်လှန်ရေးအဖွဲ့ တွေအားလုံး ပါဝင်သင့်တယ်လို့လည်းဆိုပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေး နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က ထဲထဲဝင်ဝင်ကြီးကြပ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေနဲ့ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ထပ်မဖြစ်အောင် ထိန်းချုပ်ဖို့   တောင်းဆိုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကို တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က တညီတညွတ်တည်း တောင်းဆိုသလို စစ်မှန်တဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုထဲက ခွဲမထွက်ဘဲ အတူစုပေါင်းနေထိုင်ကြဖို့ သဘောတူကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

Koe-Kant2တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအများစုက  ၀ အမျိုးသားပြည်နယ် အဆင့် တောင်းဆိုတဲ့အပေါ် နားလည်ထောက်ခံကြောင်းနဲ့ သင့်တော်တဲ့အချိန်မှာ ယူဒဗလျူအက်စ်အေ က ဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ထပ်မံကျင်းပဖို့လည်း သဘောတူခဲ့ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ ၀ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော်ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှာ မေ ၁ ရက်နေ့ကတည်းက ပြည်တွင်းငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ မြန်မာနိုင်ငံ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။

ဒီညီလာခံမှာ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်တပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့နဲ့  ၀ပြည်သွေးစည်းညီညွတ်ရေးပါတီတို့က ခေါင်းဆောင်တွေအပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013