
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သွားရောက်ကြည့်ရှုကြမဲ့ ဝန်ထမ်းတွေဆီကနေ အာဆင်နယ်အသင်းက ခရီးစရိတ် ၈၅၉ ပေါင် တောင်းခံခဲ့တာကြောင့် ဝန်ထမ်း တချို့ ဒေါသထွက်နေကြပါတယ်။
ပြိုင်ဘက် PSG အသင်းကတော့ ဗိုလ်လုပွဲအတွက် ဝန်ထမ်းအားလုံးကို လေယာဉ်လက်မှတ်နဲ့ ပွဲကြည့်လက်မှတ်တွေ အခမဲ့စီစဉ်ပေးထားတာဖြစ်လို့ အာဆင်နယ်ရဲ့ လုပ်ဆောင်ချက်က ပိုမို ဝေဖန် ခံနေရတာပါ။
အာဆင်နယ်ဟာ မေ ၃၀ ရက်မှာ လက်ရှိချန်ပီယံ PSG နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားရောက်ပါက နောက်တနေ့မှာပြုလုပ်မဲ့ အောင်ပွဲခံလှည့်လည်ပွဲကို အချိန်မီ ပြန်လာနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အာဆင်နယ်ဝန်ထမ်း ၃ ပုံ ၁ ပုံလောက်သာ အဆိုပါခရီးစဉ်ကို လိုက်ပါဖို့ သဘောတူထား ကြပါတယ်။










