
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန်မှာပဲ ဇွန် ၁၉ ရက်မှာ စတင်ဖို့ စီစဉ်ထားတဲ့ ဒီဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့တာပါ။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ ခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကို အမြန်ဆုံးစတင်ဖို့ မျှော်လင့်တယ်လို့ အိမ်ဖြူတော်က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲကို ရုတ်တရက် ဖျက်သိမ်းလိုက်တာကြောင့် ဗန့်စ်နဲ့အတူ လိုက်ပါမဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန်မြို့ပြင်က လေတပ်စခန်းမှာ သောင်တင်နေခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆွစ်ဇာလန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ အီရန်ဘက်က နှောင့်နှေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန်နဲ့ အီရန်အကြား သဘောတူညီချက်မှာ အစ္စရေး မပါဝင်တာကြောင့် လက်ဘနွန်နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
လက်ဘနွန်နိုင်ငံ နာဘာတီးယားမြို့အနီးက အစ္စရေးတပ်တွေကို ဟစ်ဇ်ဘိုလာအဖွဲ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးဘက်က လေကြောင်းကနေ တုံ့ပြန်ခဲ့တဲ့အတွက် လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းကနေ တပ်တွေရုပ်သိမ်းဖို့ မရှိဘူးဆိုတဲ့ အစ္စရေးရဲ့ ရပ်တည်ချက်ကို ဒေါ်နယ်ထရမ့်ပ်နဲ့ ဗန့်စ်တို့က လူသိရှင်ကြား ဝေဖန်ထားပါတယ်။










