
အီရန်နိုင်ငံမှာ မကြာသေးမီက စစ်ရေးအရ တိုက်ခိုက်ခံခဲ့ရတဲ့ နျူကလီးယားစက်ရုံတွေကို သီးသန့်စစ်ဆေးရေး လုပ်ထုံးလုပ်နည်းအသစ်တွေ မရေးဆွဲသေးသရွေ့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ (IAEA) ကို ဝင်ရောက်စစ်ဆေးခွင့် ပိတ်ပင်ထားတယ်လို့ အီရန် အဏုမြူစွမ်းအင်အဖွဲ့ ဥက္ကဋ္ဌက ဩဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
အီရန် အဏုမြူစွမ်းအင်အဖွဲ့ ဥက္ကဋ္ဌ မိုဟာမက် အက်စ်လာမီက မီဒီယာတွေကို ပြောကြားရာမှာ တိုက်ခိုက်ခံလိုက်ရတဲ့ စက်ရုံတွေဟာ အီရန်နိုင်ငံရဲ့ အဏုမြူစွမ်းအင်ဆိုင်ရာ ဥပဒေနဲ့ လွှတ်တော်က သတ်မှတ်ထားတဲ့ ဥပဒေအောက်မှာပဲ ရှိတာကြောင့် လုပ်ထုံးလုပ်နည်းအသစ်တွေ ပေါ်မလာမချင်း IAEA ဘက်က လာရောက်စစ်ဆေးဖို့ ဘာအခွင့်အရေးမှ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ တိုက်ခိုက်မခံရသေးတဲ့ စက်ရုံတွေကိုပဲ ပုံမှန်လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခွင့် ပေးထားတာဖြစ်ပြီး IAEA အနေနဲ့ အဲဒီတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တာကြောင့် အဖွဲ့ရဲ့ အရည်အချင်းနဲ့ လွတ်လပ်စွာ ရပ်တည်နိုင်မှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့လည်း အက်စလာမီက စွပ်စွဲလိုက်ပါတယ်။
ဒါ့အပြင် IAEA အနေနဲ့ နိုင်ငံရေးဖိအားတွေအောက်မှာ တဖက်သတ် ဆောင်ရွက်နေတာကို ရပ်တန့်ရမှာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ စက်ရုံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ဘယ်လို စစ်ဆေးရေး လုပ်ထုံးလုပ်နည်းတွေ ရှိလဲဆိုတာ စာနဲ့ ဇယားနဲ့ ရှင်းရှင်းလင်းလင်း သဘောထား ထုတ်ပြန် ပေးရမယ်လို့ ဆိုပါတယ်။
အက်စလာမီက“အေဂျင်စီမှာ အဲဒီလို လုပ်ထုံးလုပ်နည်းလည်း မရှိသလို ဘာသဘောထားမှလည်း ထုတ်မပြဘဲ အဲဒီအစား အမေရိကန်နဲ့ အစ္စရေးရဲ့ ဖိအားပေးမှုအောက်မှာ ပျက်စီးသွားတဲ့ စက်ရုံ တွေကို ဝင်ကြည့်ဖို့ပဲ ဇွတ်ကြိုးစားနေပါတယ်။ သူတို့ ဖိအားပေးနေရတဲ့ အဓိက အကြောင်းအရင်း ကတော့ သူတို့လုပ်ထားတဲ့ စစ်ဆင်ရေးကြောင့် ဒီစက်ရုံတွေ ဘယ်လောက်အထိ ပျက်စီးသွားလဲ ဆိုတာကို သိချင်နေကြလို့ပါပဲ” လို့ ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်း အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ရိုက်ထိပ်တိုက်တွေ့မှုတွေ လျော့ကျသွားပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတော့ ရပ်တန့်နေဆဲ ဖြစ်ပါတယ်။
သင်္ဘောတွေ တိုက်ခိုက်ခံနေရဆဲ ဖြစ်တာကြောင့် ဟော်မုဇ် ရေလက်ကြားဘက်မှာ ရေကြောင်းသွားလာရေး ကိစ္စတွေဟာ အန္တရာယ်များနေတုန်းပဲ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ဖျက်ဆီးပစ်ချင်နေတဲ့ အီရန်ရဲ့ နျူကလီးယားစီမံကိန်းဟာ လက်ရှိမှာ ဘယ်အခြေအနေ ရောက်နေသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
Source: Reuters











