
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်းဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မေလ ၅ ရက်နေ့ညနေက နယူး ယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သူရဦးရွှေမန်းရဲ့ လူမှု ကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သူရဦးရွှေမန်းဟာ ၀ါရှင်တန်ဒီစီကနေ နယူးယောက်မြို့ကို ရထားနဲ့ သွားရောက်တာဖြစ်ပြီး မေ ၅ ရက်နေ့ မနက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီးယားနဲ့ တွေ့ဆုံပြီးနောက် အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မြန်မာလွှတ်တော်အကြီးအကဲဟာ နယူးယောက်မြို့ကို မလာခင် မြို့တော် ၀ါရှင်တန်ဒီစီမှာ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဗလင်ခန်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ပြုပြင်ပြောင်းလဲရေး နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
[caption id="attachment_91807" align="aligncenter" width="622"]
မစ္စတာ ဗီဂျေးနမ်ဘီးယားနှင့် သူရ ဦးရွှေမန်းတွေ့ဆုံစဉ် (ဓာတ်ပုံ H.E. Thura U Shwe Mann)[/caption]
အဲ့ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ဂျက်ဖ်ရတ်သ်က နှစ်မကုန်ခင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွှေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စ၊ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ဆက်လက်ထောက်ခအားပေးသွားမယ့်အကြောင်းနဲ့ အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေလည်း ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူမျိုးရေး ဘာသာရေးကိုကာကွယ်ဖို့ လက်ထပ်ထိမ်းမြားဆိုင်ရာ မျိုးစောင့် ဥပဒေ ရေးဆွဲထားတဲ့အပေါ်မှာလည်း အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး စိန်ခေါ်မှုတွေနဲ့ ဆန္ဒပြသူတွေကို အင်အားသုံးနိမ်နင်းတဲ့အပေါ် လွတ်လပ်မျှတတ်တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့လည်း အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး က တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။
မေလ ၂ ရက်နေ့မှာတော့ အမေရိကန်ရောက် မြန်မာနိုင်ငံသား တချို့ အမေရိကန်က မြန်မာသံရုံရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီပညာရေးအတွက် ဆန္ဒပြလို့ ဖမ်းစီးခံထားရတဲ့ကျောင်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အဖွဲ့ဟာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘေးနာရဲ့ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ရက်နေ့က အမေရိကန်ကို ရောက်လာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်မှာ ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းနဲ့ အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေလည်း လိုက်ပါခဲ့ပါတယ်။











