
ဂါဇာကမ်းမြောင်၊ ဒီယာအယ်လ်ဘာလာမြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အယ်လ်ဂျာဇီးရား သတင်းထောက်တယောက် အပါအဝင် ပါလက်စတိုင်း ၃ ယောက်အတွက် ဝမ်းနည်းနေသူတွေက နှုတ်ဆက်ပွဲလုပ်ခဲ့တယ်လို့ ဇွန် ၂၁ ရက်မှာ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန် ၂၀ ရက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ၊ သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဂါဇာမြို့က တိုက်ခန်းတခုမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ယောက်နဲ့ ကလေးတယောက် အပါအဝင် ပါလက်စတိုင်း ၄ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်က အသေးစိတ်မဖော်ပြဘဲ စစ်သွေးကြွတယောက်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
နောက်ထပ် ဖြစ်ရပ်တခုမှာ အစ္စရေးတပ်တွေက မြောက်ဘက်က ဘိတ်လာဟီယာမြို့မှာ အမျိုးသမီးတယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာတွေက ပြောပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
စနေနေ့ နှောင်းပိုင်းမှာတော့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ဂျာဇီးရားအတွက် အလုပ်လုပ်နေတဲ့ သတင်းထောက် အာမက်ဝီရှာ အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
သူ့ရဲ့ညီဖြစ်သူ အယ်လ်ဂျာဇီးရား သတင်းထောက် မိုဟာမက်ဝီရှာကို အစ္စရေးစစ်တပ်က သတ်ဖြတ်ပြီး ၂ လအကြာမှာ ကင်မရာသမား အာမက်ဝီရှာ သေဆုံးခဲ့တာလို့ အယ်လ်ဂျာဇီးရား သတင်းဌာနက ပြောပါတယ်။
ဝီရှာကို သတ်ဖြတ်မှုကို ပါလက်စတိုင်းသတင်းထောက်အဖွဲ့က စနေနေ့မှာ ရှုတ်ချခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စစ်ပွဲစကတည်းက ပါလက်စတိုင်းသတင်းထောက် အယောက် ၃၀၀ နီးပါး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် အစ္စရေးခေါင်းဆောင်တွေက တာဝန်ခံဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
အစ္စရေးကတော့ ဂါဇာမှာ ပစ်မှတ်ထားခဲ့တဲ့ သတင်းထောက်တွေက ဟားမတ်စ် အပါအဝင် စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတယ်လို့ သက်သေအထောက်အထားမပြဘဲ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။
Source: Reuters










