DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ဖန်ငခရိုင်တွင်း ရိုဟင်ဂျာအလောင်းများ ထပ်မံတွေ့ရှိ
DVB
·
May 5, 2015
ထိုင်းတောင်ပိုင်း ဖန်ငခရိုင်တွင်း ရိုဟင်ဂျာအလောင်းများ ထပ်မံတွေ့ရှိ
Donate to DVB

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာအလောင်းတွေ တူးဖော်တွေ့ရှိ ပြီးတဲ့နောက် တာဝန်ရှိသူတွေက နောက်ဆက်တွဲ မသင်္ကာရာနေရာတွေကို လိုက်လံရှာဖွေ တူးဖော်ရာမှာ နောက်ထပ် ခရိုင်တစ်ခုမှာ ရိုဟင်ဂျာအလောင်းတွေ ထပ်တွေ့ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မေလ ၅ ရက်နေ့မနက်က ဖန်ငခရိုင်အုပ်ချုပ်ရေးမှူး၊ နယ်မြေခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နာရေးကူညီမှုအဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ မလေးရှားနယ်စပ်  တောထဲလိုက်လံ ရှာဖွေကြရာမှာ  တကွာပါမြို့နယ်ထဲမှာရှိတဲ့ ကော်တိုကကျွန်း နဲ့ ကော်နုတ် (ငှက်ကျွန်း)ပေါ်မှာ လူကုန်ကူးခံရသူတွေ ယာယီထားတဲ့စခန်းလို့ ယူဆရတဲ့ တဲအိမ်ဟောင်းတွေ တွေ့ပြီး အလောင်း ၂ လောင်းပါ တူးဖော်ရမိတယ်လို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းထောက်ကို ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ အရိုးစုကို ကော်တိုကျွန်းမှာ တွေ့ရှိခဲ့ကြောင်း၊ အစ္စလာမ် ဘာသာဝင်တို့ ထုံးစံအတိုင်း ဦးခေါင်းကို မြောက်ဘက်ထားကာ တစောင်းအနေအထားနဲ့ မျက်နှာကို အနောက်ဘက်အရပ် မူထားတယ်လို့  ဆိုပါတယ်။

နောက်တလောင်းကိုတော့ ကော်တိုကကျွန်းကနေလှေနဲ့ နာရီဝက်ကြာသွားရတဲ့ ကော် နုတ်ကျွန်းမှာ တွေ့ရှိတာဖြစ်ပြီး အလောင်းကို သစ်မြစ်နဲ့တုတ်ထားက မသေခင်နှိပ်စက်ပြီး ရေထဲနစ်ခဲ့ဟန်တူတယ်လို့  အလောင်းတူးဖော်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့တူးဖော်ရရှိတဲ့ အလောင်းတွေကိုလည်း ဆက်လက်စစ်ဆေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမတိုင်ခင်က အဲဒီကျွန်းပေါ်မှာ အလောင်း ၁၀ လောင်းလောက် မြှုပ်နှံထားတယ်လို့  လူ ကုန်ကူးခံခြင်းက လွတ်မြောက်လာတဲ့ အသက် ၁၃ နှစ်ရွယ် ရိုဟင်ဂျာလူငယ်တယောက်က တာဝန်ရှိသူတွေကို ထွက်ဆိုထားတာလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ သီတင်းပတ်က ရိုဟင်ဂျာအလောင်းများ စတင်တွေ့ရှိရာ ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ် ဘက်မှာလည်း တာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးရေးတွေ ဆက်လက် လုပ်ဆောင်နေတာမှာ အချုပ်အနှောင်ခံထားရတဲ့စခန်းကနေ  ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ သားအမိနှစ်ယောက်ကို တွေ့ရှိခဲ့ကြောင်း၊     သူတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လာတာ ဖြစ်ပြီး ဘယ်မှမသွားရဘဲ ဒီတောထဲမှာပဲ ဆင်းရဲစွာနေနေရကြောင်း၊   လူကုန်ကူးသူတွေရဲ့ ခြိမ်းခြောက်မှုခံရကာ အဲဒီဘက်မှာ မြေမြှုပ်ထားတဲ့ အလောင်း ၁၈ လောင်းရှိသေးတယ်လို့ ငိုယိုတိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနေရာဟာ မလေးရှားနယ်စပ်နဲ့ လွန်စွာနီးကပ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး တစုံတရာထိခိုက်မှာစိုးလို့ အစည်းအဝေးလုပ်ပြီးမှ တူးဖော်မယ်လို့ ထိုင်း အမှတ် ၅ အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာရောက်ကြတဲ့ လူကုန်ကူးခံရသူတွေဟာ သူတို့ကို ပွဲစားတွေက ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး အခကြေးငွေယူကာ ပို့ဆောင်ခဲ့ကြောင်း၊ ရည်ရွယ်ရာ ခရီးလမ်းဆုံးမရောင်မီ နယ်စပ် တောထဲက ယာယီစခန်းတွေမှာထိန်းသိမ်းခံထားရပြီး ဆွေမျိုးရှိသူတွေက ငွေနဲ့ လာရောက်ရွေးယူကာ မရွေးနိုင်တဲ့သူတွေကို သတ်ဖြတ်ခဲ့ကြောင်း စခန်းကနေ လွတ်မြောက်လာသူတွေက ထွက်ဆိုခဲ့ကြပါတယ်။

ဒီကိစ္စကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး လူကုန်ကူးမှု ပြဿနာဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ဖျက်ဆီးစေတဲ့အတွက် အစွမ်းကုန်တိုက်ဖျက်ရ မှာဖြစ်ကြောင်း၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူ ဒေသခံအာဏာပိုင်တွေဘဲဖြစ်ဖြစ် ၊ အစိုးရ၀န်ထမ်းဖြစ်ဖြစ် ထိရောက်စွာ အရေးယူခံရမယ်လို့ မေလ ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်သူ ၉ ဦးရှိပြီး  ၅ ဦး (၄ ဦးဖမ်းမိ ၊ တဦးလာရောက်အဖမ်းခံ)ကာ ဒေသခံရဲအရာရှိ ၂ ဦးကို ပြောင်းမိန့် ပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013