DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း အမြန်စီးတီးဘတ်စ်များ ပြေးဆွဲရန် အများပိုင် ကုမ္ပဏီဖွဲ့စည်း
DVB
·
May 5, 2015
ရန်ကုန်မြို့တွင်း အမြန်စီးတီးဘတ်စ်များ ပြေးဆွဲရန် အများပိုင် ကုမ္ပဏီဖွဲ့စည်း
Donate to DVB

ရန်ကုန်မြို့တွင်းခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့လုံခြုံစွာ ခရီးသွားလာနိုင်ရေး အမြန်ဘတ်စ်ကားများပြေးဆွဲရန် ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို ဖွဲ့စည်းလိုက်ပြီလို့ စီးပွားကူးသန်းဝန်ကြီးဌာန အကြံပေး ဒေါက်တာ မောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

အများပိုင်ကုမ္ပဏီကို အစိုးရက ၄၀ ရာခိုင်နှုန်း ပုဂ္ဂလိကက ၆၀ ရာခိုင်နှုန်းထည့်ဝင်မှာဖြစ်ပြီး ကနဦး မတည်ငွေအဖြစ် အစိုးရက ကျပ်ငွေ ၁၀ ဘီလီယံ ပုဂ္ဂလိကက ကျပ် ၁၅ ဘီလီယံ စုစုပေါင်း ကျပ် ၂၅ ဘီလီယံနဲ့ မတည်မှာဖြစ်ပါတယ်။

ကုမ္ပဏီဖွဲ့စည်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဒေါက်တာမောင်အောင်က “အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး၊ နံပတ် တစ်ပဲ၊ နောက်တခုက အများပိုင်ကုမ္ပဏီပေါ့နော်၊ ရန်ကုန်မြို့ရဲု့သယ်ယူပို့ဆောင်ရေးမှာ အများပိုင်ကုမ္ပဏီနဲ့ စနစ်တခုကို ပြောင်းတာပေါ့။ နောက်တခုက နိုင်ငံတကာမှာလို ဘတ်စ်ကားအမြန်စနစ် စတင်နိုင်ရေးဒါက အဓိက ” လို့ ဒီဗွီဘီကိုပြောပါတယ်။
အစုရှယ်ယာတွေကိုတော့ လာမယ့် သီတင်းပတ်လောက်မှာ ပြည်သူလူထုကို စပြီးရောင်းပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

မေလ(၄) ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပသွားတဲ့ ကုမ္ပဏီ မိတ်ဆက် အခမ်းအ နားမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက “ကျနော်တို့ အများပြည်သူအတွက် အခုပြေးဆွဲပေးမယ့် အများပိုင် ကုမ္ပဏီယာဉ်လိုင်းဟာ အသင့်တော်ဆုံးဈေနှုန်းနဲ့ ပြေးဆွဲနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ ပြေးဆွဲပေးမယ့် ကားတွေအနေနဲ့လည်း လိုအပ်တဲ့ စွမ်းအင်ဏ္ဍကိုလုံလောက်အောင် ဖြည့်ဆည်းပေးဖို့ ညှိနှိုင်းလုပ်ဆောင်သွားမှာပါ၊ ဒီစနစ်အောင်မြင်သွားရင်တော့ ရန်ုကုန်မြို့ အနေနဲ့ ယာဉ်ကြော ကျပ်တည်းမှုရော ခရီးသွားပြည်သူတွေ အတွက်ရော ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေအတွက်ပါ ကျေနပ်စရာဖြစ်လာမှာပါ “ လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဘတ်စ်ကားအမြန်သယ်ယူပို့ဆောင်မှု BRT စနစ်နဲ့ မင်္ဂလာဒုံမှာ ကားတွေထားပြီး ရန်ကုန်မြို့တွင်း ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတွေမှာ လာမယ့် ၄လလောက်ကာလအတွင်း ပထမဆုံး စတင်ပြေးဆွဲဖို့ ရည်မှန်းထားပြီး ပထမအဆင့်အနေနဲ့ တောင်ကိုရီးယားနိုင်ငံက အဆင့်မြင့် ခေတ်မီ အဲကွန်းဘတ်စ်ကား အစီးရေ ၆၀ ကနေ ၁၀၀ ကြားလောက်ဝယ်ယူပြေးဆွဲဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က လည်း ရန်ကုန်မှာ စန်းရောင်နီ ကုန်းလမ်းပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်နဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) တို့ အကျိုးတူ ပူးပေါင်းပြီး SRT(1) အမြန် ယာဉ်လိုင်းကို ဘတ်စ်ကား ၂၅ စီးနဲ့ စတင်ပြေးဆွဲနေပါတယ်။

လတ်တလော ဗိုလ်တထောင် လင်းစဒေါင်းကနေ အောင်မင်္ဂလာ အဝေးပြေးအထိ ပြေးဆွဲပေးနေတဲ့ အဆိုပါအမြန်ဘတ်စ်ကားယာဉ်လိုင်းသစ်အတွက် ယာဉ်စီးခတွေကတော့ ခရီးစဉ်တပိုင်းကို ငွေကျပ် ၅၀ နှုန်းနဲ့ ခရီးစဉ် အစအဆုံးထိ ငွေကျပ် ၂၀၀ သတ်မှတ်ထား တာဖြစ်ပါတယ်။

စန်းရောင်နီ ကုန်းလမ်းပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မန်နေဂျာ ဦးမြင့်ဝေကတော့ ခရီးသည်တွေအနေနဲ့ ယာဉ်စီးခကို ငွေသားနဲ့ ပေးဆောင်လို့မရဘဲ iPay ကတ်စနစ်နဲ့ ပေးရတာဖြစ်ပြီး ယာဉ်ပြေးဆွဲရာမှာ အခက်အခဲတချို့ရှိနေသေးတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“ဒီလုပ်ငန်း လုပ်တဲ့ဟာကတော့ ကျနော်တို့ ခရီးသည်ဝန်ဆောင်မှုကောင်းကောင်း ပေးချင်တာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့လုပ်ရတဲ့ အနေအထားမှာတော့ ကန့်သတ်ချက်တော့ရှိတယ်။ စီအန်ဂျီကန့်သတ်ချက်ရှိတယ်၊ မောင်းတဲ့အကြောင်းရေနဲ့ ရတဲ့စီအန်ဂျီက ပြည့်စုံမှုမရှိဘူး။ နောက် ဘတ်စ်ကားခကို iPay ကတ် စနစ် စက်နဲ့ကျင့်သုံးတဲ့အခါမှာ ၅၀၊ ၁၀၀၊ ၁၅၀ ခရီးသည် ယာဉ်စီးခ ဖြတ်ပိုင်းတွေဖြတ်တဲ့အခါမှာ ယာဉ်အကူတွေအနေနဲ့ တဦးထဲ တယောက်ထဲ လုပ်တဲ့အခါမှာ ခရီးသည်ကျပ်တည်းမှုရှိတဲ့အချိန် ဖြတ်ရတာ နည်းနည်း ခက်ခဲတယ် ” လို့ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာ နေ့စဉ်ခရီးသွား ၂ သန်းလောက်အတွက် ဘတ်စ်ကားလိုင်းပေါင်း ၃၆၀ လောက်က ဘတ်စ်ကားအစီး ရေ ၃၅၀၀ ကျော်နဲ့ နေ့စဉ်နဲ့ ပြေးဆွဲနေတယ်လို့ အစိုးရတရားဝင် ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013