
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာကို ကြိုဆိုကြောင်း မြန်မာ့နွေဦးတော်လှန်ရေးနိုင်ငံတကာကွန်ရက် (INMSR) က ဧပြီ ၇ ရက်မှာ ကြေညာပါတယ်။
နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူတွေပါဝင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာကွန်ရက်က ညီလာခံဆုံးဖြတ်ချက်နဲ့ ထောက်ခံကြိုဆိုကြောင်း ကြေညာခဲ့တာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
SCEF ကို တော်လှန်ရေးအတွက် အရေးပါတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
INMSR ပြောခွင့်ရှိသူ မခင်သီရိနန္ဒာစိုး က “အခုပေါ်ပေါက်လာတဲ့ Seteering ကော်မတီကြီးရဲ့ အဓိကရည်ရွယ်ချက်တွေနဲ့ ကျမတို့က အားလုံး သဘောထားကိုက်ညီတာဖြစ်တယ်။ ကျမတို့ဖြစ်ချင်တဲ့ဆန္ဒတွေ၊ ကျမတို့ကြိုးပမ်းအားထုတ်ခဲ့ရတာတွေအားလုံး အကောင်အထည်ပေါ်လာသလို ခံစားရတယ်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ တပြိုင်နက်တည်းမှာပဲ အခုလိုအနေအထားက ကျမတို့ သတိဝီရိယနဲ့ ရှေ့ဆက်ရမဲ့ အနေအထားဖြစ်တယ်၊ အားလုံးရဲ့ ညီညွတ်ရေးအပေါ်မှာဦးတည်ပြီးတော့ တကယ်ခိုင်မာတဲ့ ယန္တရားတခုကို ကြိုးစားတည်ဆောက်ပြီးတဲ့အခါမှာ အများပါဝင်နိုင်တဲ့ တပ်ပေါင်းစုအသွင်နဲ့ ရှေ့ဆက်နိုင်မှသာလျှင်၊ တက်ညီ လက်ညီ အတောင်ပံနှစ်ခုလို ဟန်ချက်ညီပြီး သွားနိုင်မှသာလျှင် အာဏာရှင်ရဲ့လှည့်ကွက်တွေ၊ Bilateral Talk တွေကနေပြီးတော့မှ ရှောင်ကွင်းနိုင်ပြီးတော့ ကျမတို့ လိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
SCEF ဖွဲ့စည်းရာမှာ မူလကရှိပြီးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာရင် ကိုင်စွဲမယ့် ဘုံသဘောထားရပ်တည်ချက် ၆ ရပ်ကို ဆက်လက်ကိုင်စွဲထားတာဖြစ်ပါတယ်။
ဒီအချက်တွေအပေါ် မူတည်ပြီးမှ တော်လှန်ရေးအရှိန်မြှင့်ပြီး အမြန်ဆုံးအောင်ပွဲရရေး၊ အသွင်းကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ စစ်ရေး၊ နိုင်ငံရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စတွေကို ညှိနှိုင်းအကောင်အထည်ဖော်နိုင်ဖို့ SCEF ကို ဖွဲ့စည်းတာလို့ ကြေညာထားပါတယ်။
အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကောင်းမွန်ပေမဲ့ မြေပြင်က တော်လှန်ရေးလက်နက်ကိုင် အစုအဖွဲ့အားလုံး မပါဝင်နိုင်သေးတာ၊ သပိတ်အင်အားစုတွေနဲ့ အရပ်ဘက်နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေအားလုံးရဲ့ သဘောထားမပါဝင်နိုင်သေးတာက စိန်ခေါ်မှုနဲ့ စိုးရိမ်စရာအဖြစ် ရှိနေသေးတာဖြစ်ပါတယ်။
INMSR ပြောခွင့်ရှိသူ ကိုဇော်ဝင်းက “အဓိကကဗျာ အသံအားဖြင့်က ညီနေပြီ။ ဒါပေမဲ့ အလုပ်တွေညီဖို့ဆိုတာက အချင်းချင်းကြားထဲမှာ Bottom- Up ဖက်ဒရယ်လစ်ဇင်ပေါ်မှဖြစ်မယ်။ အဲ့ဒီအတွက် နိုင်ငံရေးအရလည်းနားလည်မှုရှိနေရမယ် Bottom- Up ဖြစ်နေရမယ်။ အဲ့ဒီတော့ စစ်တိုက်ပြီဆိုရင်တော့ Top-Down နဲ့ပဲတိုက်ရမှာပဲ။ ဒါကို ကျနော်တို့နားလည်တယ်။ အခုလည်း Top-Down နဲ့ ဖွဲ့တယ်ဆိုတာက တိုင်းပြည်ရဲ့အခြေအနေ အရေးကြီးတဲ့အတွက် ဒါ သွားရတော့မယ်ဆိုတာ တစုံတရာ ကျနော်တို့ကို ထုတ်မပြောနိုင်တဲ့ အခြေအနေတွေရှိမှာပေါ့ဗျာ။ ဒါကြောင့် လုပ်လိုက်ရတယ်ဆိုတာ နားလည်တယ်။ ဒါပေမဲ့ ဒီ့ထက်ကျယ်ပြန့်တဲ့ အခြားနိုင်ငံရေးနဲ့ စစ်ရေးနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းအားလုံးကို နားလည်နေရင် ကြေညက်နေရင် ဒီခရီးက ပိုပြီးတော့ ချောမွေ့မှာပေါ့။ အဲ့ဒီအတွက် ဒါကိုတိုက်တွန်းနေရတာ။ ညီညွတ်ရေးလို့ပြောတဲ့အခါမှာ ပြောရတာသိပ်လွယ်တယ်ဗျ။ မြန်မာပြည်မှာ အဖွဲ့အစည်းတွေသိပ်များတယ်၊ နောက်ပြီးတော့ လက်နက်ကိုင်အင်အားစုက သိပ်များတယ်၊ ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါကို နိုင်ငံတကာက မြင်နေတာက ကျနော်တို့ မညီညွတ်ဘူးလို့မြင်နေတယ်ဗျ။ အဲဒါကို ညီညွတ်တယ်လို့ ဒီအဖွဲ့က အခုပြလိုက်နိုင်တယ်။ SCEF က ပြလိုက်နိုင်တယ်။ ဒါ တော်တော်အရေးကြီးတယ်။ အဲ့ဒီအတွက် တခြားသောအဖွဲ့အစည်းတွေအနေနဲ့ ဝေဖန်နေမယ့်အစား တူတဲ့နေရာက ပေါင်းလုပ်သင့်တယ်" လို့ ပြောပါတယ်။
NUG နဲ့ K3C အဖွဲ့ဝင်တွေဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ “ဘုံသဘောထားရပ်တည်ချက် ၆ ချက်” ကို ထုတ်ပြန်ခဲ့ပြီး စစ်အာဏာသိမ်းထားတာကို ဖယ်ရှားကာ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတာကို အဆုံးသတ်ရေး၊ လက်နက်ကိုင်အဖွဲ့အားလုံး ရွေးကောက်ခံ အရပ်သားအစိုးရလက်အောက်မှာရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ ပြန်အသက်သွင်းဖို့ ကြိုးစားတာတွေကို တိုက်ဖျက်ရေး၊ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီအခြေခံတဲ့ဖွဲ့ စည်းပုံအသစ်ရေးဆွဲပြဋ္ဌာန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ရေး၊ ပဋိပက္ခနဲ့ အသွင်ကူးပြောင်းရေးကာလမှာ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေရေး စတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။
မြေပြင်မှာဖြစ်ပေါ်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တွေအချင်းချင်းကြားက မကျေလည်မှုတွေနဲ့ နိုင်ငံရေးအစုအဖွဲ့အသီးသီးကြားက သဘောထားကွဲပြားမှုတွေကို တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေက စုစည်းနိုင်ရေးမှာ အားနည်းချက်တွေရှိနေတာကြောင့် အခုအသစ်ဖွဲ့စည်းတဲ့ SCEF ရဲ့ စုဖွဲ့မှုအပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေပါတယ်။











