
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ MCC Hall မှာ ဇူလိုင် ၁၂ ရက် မနေ့ညက ကျင်းပပြီးစီးသွားတဲ့ ထိုင်းတနိုင်ငံလုံး ကိုယ်စားပြုအဆင့် အလှမောင်ပြိုင်ပွဲ Mister Global Thailand 2026 ကြီးမှာ လီဆူတိုင်းရင်းသားလေး “ရားချား ရားချန်း ရုန့်ဖိုင်းဖနား” က ပထမဆု ဆွတ်ခူးရရှိသွားပါတယ်။
အဆိုပါပြိုင်ပွဲမှာ ထိုင်းနိုင်ငံတဝန်းလုံးရှိ ဒေသအသီးသီးက အလှမောင်ပေါင်း အယောက် ၃၀ ပါဝင် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
မနေ့ည နောက်ဆုံး ဆန်ခါတင်အဆင့်မှာတော့ ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ကိုယ်စားပြု အလှမောင် အသက် ၂၁ နှစ်ရွယ် ရားချား ရားချန်း ရုန့်ဖိုင်းဖနားက ကိုယ်ခန္ဓာအချိုးအစား၊ မျက်နှာတည်ကြည် တင့်တယ်မှုတွေအပြင် ဒိုင်လူကြီးတွေရဲ့ မေးခွန်းတွေကိုပါ စိတ်ကျေနပ်စရာ ဖြေဆိုနိုင်ခဲ့တာကြောင့် Mister Global Thailand 2026 စလွယ်ဆုကို ရရှိခဲ့တာပါ။
ဒါကြောင့် သူဟာ နိုင်ငံတကာအလှမောင်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြု အလှမောင်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
နိုင်ငံတကာက အလှမောင်တွေနဲ့ ယှဉ်ပြိုင်တဲ့အခါ ထိုင်းကိုယ်စားပြု အလှမောင်တယောက် အနေနဲ့ အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်၊ ကိုယ်ကာယလေ့ကျင့်ခန်း တွေတင်မကဘဲ အင်္ဂလိပ်ဘာသာစကားကိုပါ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် ဆက်ပြီး လေ့လာသွားရမယ်လို့ ရားချားက သတင်းထောက်တွေကို ပြောပါတယ်။
ဒီကနေ့ အောင်မြင်မှုရရှိတဲ့အပေါ်မှာ ရားချားက သူဟာ ကျေးလက်တောင်ပေါ်ဒေသက အခွင့်အလမ်းမဲ့ လူငယ်လေးတွေအတွက် စံပြတယောက်ဖြစ်တယ်လို့ ခံယူတယ်။ လူငယ်တွေအနေနဲ့ ဘယ်နေရာမှာပဲရှိနေပါစေ၊ ကြိုးစားမှုရှိရင် မိမိအိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာဖြစ်တယ်။ တချို့ကလေးတွေက ပြောတယ်၊ နေတာက တောင်ပေါ်မှာ၊ ထိုင်းစကားလည်း မတတ်ဘူး၊ မှတ်ပုံတင်လည်းမရှိဘူးပေါ့၊ ကျနော်လည်း အဲဒီလိုဘဝ ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းစကားကောင်းကောင်းမတတ်ဘူး၊ ဒါပေမဲ့ လေ့ကျင့်မှုက အဓိကပါပဲလို့ ပြောချင်ပါတယ်လို့ ပြောပါတယ်။
မနေ့ညက ပြိုင်ပွဲမှာ မိဘနှစ်ပါးလည်း လီဆူဝတ်စုံတွေနဲ့ လာအားပေးပြီး အောင်မြင်မှုရတဲ့ သားကို အနမ်းတွေနဲ့ ဂုဏ်ပြုခဲ့ပါတယ်။
ရားချားဟာ ဒီ ၂၀၂၆ ဇန်နဝါရီလက ချင်းမိုင်ဆောင်းရာသီပွဲတော်မှာ ကျင်းပပြီးစီးသွားတဲ့ ချင်းမိုင်ခရိုင်အဆင့် အလှမောင်ပြိုင်ပွဲမှာလည်း ပထမဆု စလွယ်ရရှိခဲ့ပါတယ်။ သူဟာ လက်ရှိ ချင်းမိုင် ရာ့ချဖတ်တက္ကသိုလ်မှာ Communication Arts အထူးပြုဘာသာရပ်နဲ့ ဒုတိယနှစ်မှာ တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။
သူ့ရဲ့ မွေးရပ်ဇာတိကတော့ ချင်းမိုင်ခရိုင်၊ ချိုင်းပကန်းမြို့နဲ့ ကီလိုမီတာ ၃၀ ကျော်ဝေးတဲ့ မဲ့ထလုတ်ဆိုတဲ့ တောင်ပေါ်ရွာက ဖြစ်ပါတယ်။
မိဘတွေက တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး မိုးရာသီမှာ တောထဲမှာ မျှစ်ရှာ မှိုရှာ ရောင်းရတယ်၊ သူလည်း ကျောင်းအားရက်တွေမှာ မိဘရဲ့ တောင်ယာအလုပ် ကူလုပ်တယ်။ တောတောင်သဘာဝ ရှုခင်း၊ ကျေးလက်ရှုခင်းတွေနဲ့ ဓာတ်ပုံတွဲရိုက်ရတာ ဝါသနာပါတယ်။ အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်လိုက်ရာက ဓာတ်ပုံဆရာတွေက ပုံတွေခေါ်ရိုက် မော်ဒယ်လ်လုပ်ပေးရင်းနဲ့ မောင်ပြိုင်ပွဲစင်မြင့်ပေါ် ရောက်လာတာလို့ ရားချားက ရုပ်သံအင်တာဗျူးတခုမှာ ဖြေကြားထားပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလက ချင်းမိုင် ဆောင်းရာသီပွဲတော်ကနေ ရားချားနည်းတူ ပထမရခဲ့တဲ့ ချင်းမိုင်ခရိုင်အလှမယ် နိုင်ငံမဲ့ရှမ်းတိုင်းရင်းသူ နမ့်ဖိန့် ဟာလည်း ဘန်ကောက်မှာကျင်းပတဲ့ Miss World Thailand 2026 မှာ ပထမရခဲ့တာကြောင့် စက်တင်ဘာလထဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမဲ့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးမှာ ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Mister Global Thailand










