DVB Logo
Home
Lead Story
စမတ်ကျရင် ဒုက္ခဖြစ်တဲ့ မင်္ဂလာ ဓာတ်ပုံဆရာ
DVB
·
May 4, 2015
စမတ်ကျရင် ဒုက္ခဖြစ်တဲ့ မင်္ဂလာ ဓာတ်ပုံဆရာ
1 / 2
Donate to DVB

မင်္ဂလာဆောင်တွေကို ဓာတ်ပုံ ဗီဒီယို ရိုက်ပေးရတဲ့ ဓာတ်ပုံဆရာ ဆိုတာ အ၀တ်အစား အနေအထိုင်ကအစ ဘေးကင်းရန်အေးအောင် နေတတ်ရတယ်။

တစ်ခါက ဖြစ်ဖူးတာ၊ သတို့သားက အသက်ကြီးကြီး၊ အရုပ်ဆိုးဆိုး၊ အရပ်ပုပု အသားမည်းမည်း လူက ၀တုတ်ပြဲ။ ဓာတ်ပုံဆရာလေးက ငယ်ငယ် ရုပ်ကလည်း ဖြောင့် ဖြောင့်၊ စမတ်ကျကျလည်း ၀တ်တတ် စားတတ်တယ်။ အရပ်ရှည်ရှည် ဘောင်းဘီအရှည် နဲ့ သိပ်လိုက်ဘက်တဲ့ လူငယ်ပါ။ မရွှေ သတို့သမီးက ငယ်လည်းငယ်၊ ချောလည်းချော ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါတော့ ဓာတ်ပုံဆရာလူငယ်လေးကို ခေါ်ပြီး သူ့တစ် ယောက်တည်း ပို့စ် အမျိုးမျိုးပေးကာ ဓာတ်ပုံ အရိုက်ခိုင်းတာ။ သတို့သားက ဒါကို မြင်တော့ တင်းပြီပေါ့။ တရှူးရှူး တရှဲရှဲ ဒေါသတွေ ထွက်လာပြီ။ ကျွဲပေါက် က ခတ်ဖို့ ချို သွေးနေပြီ။

အကင်းပါးတဲ့သူအချို့က ဓာတ်ပုံဆရာလေးကို လက်တို့ပြီး တယောက်တည်း တွေ သိပ်ရိုက်မနေနဲ့၊ နှစ်ယောက်တွဲရိုက်လို့ သတိပေးတယ်။ ဒီတော့မှ ဓာတ်ပုံဆရာလေး က နှစ်ယောက်တွဲ ရိုက်ပေးတယ်။ ဒါပေမယ့် သတို့သားကတော့ ဓာတ်ပုံရိုက်တိုင်း သုန် မှုန်နေတော့တာ။

“ သတို့သားက အခြေအနေ ဟန်မရရင် ဓာတ်ပုံဆရာတွေက သတိထားပြီး ခပ် နွမ်းနွမ်း တမင်ဝတ်ဆင်ရတယ်။ သတို့သားရုပ်ရည်က တော်တော်ပဲ ချာနေရင် ဓာတ်ပုံ ဆရာက ဦးထုပ်ကြီး ခပ်ငိုက်ငိုက်ဆောင်းပြီး မျက်နှာတောင် သိပ်မဖော်ဘဲ နေရတယ်”  လို့ ဓာတ်ပုံဆရာ တယောက် က သူတို့ အနေအထားကို ပြောပြတယ်။

“ဓာတ်ပုံဆရာကို သတို့သမီးအမေတို့ သတို့သမီးတို့က ဖော်ဖော်ရွေရွေ ရှိတယ်။ ဓာတ်ပုံဆရာကို ဦးစားပေးတယ်။ ဘုန်းကြီးပွဲပြီးရင် ကျနော်တို့ကို ကျွေးတာ။ ဓာတ်ပုံဆရာက သူတို့အပေါ် စေတနာပိုအောင် စည်းရုံးရေး ဆင်းတာပေါ့။ လှအောင် ရိုက်ပေးနော် ဘာညာလည်းပြောကြတယ်။ သူတို့က ဖော်ဖော်ရွေရွေ လုပ်တာနဲ့ သတို့သားက သိမ်ငယ်နေရင် ပြဿနာ က တက်တော့တာပဲ” လို့ ဓာတ်ပုံ ကိုဇော်ဇော် (ဘိုဓာတ်ပုံ) က ပြောပြတယ်။

ဓာတ်ပုံဆရာ ဗီဒီယိုဆရာ ၀တ်တာစားတာ သိပ်စမတ်ကျရင် အဆင်မပြေ တတ်တာ ရှိသလို သိပ်ဗရုတ်ကျရင်လည်း ဒုက္ခတွေ့နိုင်သေးတယ်။ မင်္ဂလာဆောင်တခုမှာဓာတ်ပုံဆရာက ဟဲဗီးလူငယ်။ ဂျင်းဘောင်းဘီ၊ ဒူးပြဲ ပေါင်ပြဲနဲ့ တီရှပ်အနက် ၀တ်ထားတယ်။ တီရှပ်ပေါ်မှာ အရုပ်က အရိုးခေါင်းပုံ။ ဆံပင်ရှည်ရှည်၊ လျှာထိုးဦးထုပ် ကို ရှေ့နောက်ပြောင်းပြန် ဆောင်းထားတယ်။ ဒီသူငယ်ကို ကြည့်ပြီး သတို့သမီးအဖေက မင်္ဂလာယူတဲ့ပွဲမှာ အမင်္ဂလာ ဒီဇိုင်းနဲ့ကောင် မလိုချင်ဘူးလို့ နှင်လွှတ်တာမျိုးလည်း ရှိဖူးတယ်။

မြန်မာဆန်အောင်ဆိုပြီး ဓာတ်ပုံဆရာက ပုဆိုးနဲ့တိုက်ပုံ လုပ်လို့လည်း အဆင် မပြေဘူး။ လူစည်စည် ပုဆိုးကျွတ်ကျပြန်ရင် လူတွေ အုတ်အော်သောင်းတင်းနဲ့ မင်္ဂလာ ပွဲဖျက်မှု ဖြစ်သွားမယ်။

အတွဲမညီတဲ့ မောင်နှံတွေနဲ့ တွေ့တဲ့အခါ ဓာတ်ပုံဆရာက အကင်းပါးရတယ်။ ဥာဏ်ကူရတယ်။ သတို့သားက အရပ်ပုပြီး သတို့သမီးက အရပ်ရှည်မယ်၊ ဘဲဥ ကျီးချီ သတို့သားက အသားမည်းမည်း သတို့သမီးက အသားဖြူဖြူ ဆိုတာမျိုးတွေနဲ့ ကြုံရတတ်တယ်။

မောင်ပုနဲ့ မယ်ရှည် စုံတွဲမှာ မောင်ပုကို ခုံခုပေးပြီးမှ ရိုက်ရင် မောင်ပုက သူ့ကို ချွတ်ပါတယ် ထင်ပြီး စိတ်ခုနိုင်တယ်။ မင်္ဂလာအခမ်းအနားမှာ ခုံကို အနိမ့်အမြင့် အဆင့်ဆင့်လေးတွေ ရှိတတ်တယ်။ သတို့သမီးကို နိမ့်တဲ့ အထစ်မှာ ရပ်စေပြီး သတို့သားကမြင့်တဲ့အဆင့်မှာ ရပ်စေရင် ဘုန်းမြင့်တဲ့ယောက်ျားမို့ အမြင့်က ရပ်ရသလိုလို ဟန်လုပ်ပြီး ကျေနပ်သွားတယ်။ ဓာတ်ပုံဆရာက ကိုယ် ၃ ချိုး ၂ ချိုး ရိုက်လိုက်ရင် အိုကေတယ်။ မင်္ဂလာဓာတ်ပုံဆရာတွေမှာ လျှပ်တပြက်မီး မီးထိုးတဲ့သူပါတယ်။ သတို့သား မောင်ကျီး မည်းဘက်မှာ မီးထိုးဆရာကနေပြီး ဓာတ်ပုံရိုက်ရင် အဖြူအမည်း ကွာခြားနေတာ လျော့သွားပါတယ်။

သတို့သမီးက သတို့သားရဲ့ ဘယ်ဘက်မှာ နေရမှာလား ညာဘက်မှာ ထားရ မှာလားဆိုတာကလည်း တပြဿနာပါ။ အချို့က ချစ်သူကို ဘယ်ဘက်က ထားပြီ ညာ လက်က ဒါးလွတ်ကိုင်ကာ အသက်ပေးကာကွယ်မယ်ဆိုတဲ့ ပုံစံနဲ့ အမျိုးသမီးကို ဘယ် ဘက်က ထားတယ်။ အချို့ကတော့ လက်ျာတော်ထား စံစားမယ်ဆိုတဲ့ အယူအဆနဲ့ အမျိုးသမီးကို ညာဘက်က ထားချင်တာလည်း ရှိပြန်ရော။ ဓာတ်ပုံဆရာကတော့ ဘယ် က နေနေ ညာကထားထား အဆင်ပြေသွားရင် ပြီးတာပဲလို့ ထားရတာပါ။

ကျော်ရင်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013