
မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ကူလီယာကန်မြို့မှာ ဆိုရှယ်မီဒီယာမှာ ဟာသဗီဒီယိုတွေ ရိုက်တင်လေ့ရှိတဲ့ Tik Tok ဆယ်လီ ဆီဇာဂက်စတယ်လမ်ဟာ ဩဂုတ် ၄ ရက်က အမြန်ရ အစားအစာဆိုင် အပြင်ဘက်မှာ သူငယ်ချင်းတွေနဲ့အတူ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတုန်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆီဇာဟာ ဟာသဗီဒီယိုတွေ ဖန်တီးတင်ဆက်ရာမှာ နာမည်ကြီးပြီး ဖော်လိုဝါ ၆ သိန်းနီးပါးရှိတဲ့ Tik Tok ဆယ်လီ ဖြစ်ပါတယ်။
ဆိုင်ကယ်တစီးပေါ်မှာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားတဲ့ လူ ၂ ယောက် ရောက်လာပြီး မောင်းနှင်သူက ဆီဇာကို တိုက်ရိုက် တည်ပြီး ပစ်ခတ်သွားခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာမှာ “ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့နဲ့ ဘာကြောင့် ဒီလို ဝမ်းနည်းစရာ သတ်ဖြတ်မှု ဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းအရင်းကို သိရဖို့ သေချာ စုံစမ်းစစ်ဆေးနေပါတယ်။
ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်တဲ့ တရားခံရော၊ နောက်ကွယ်က စီစဉ်ကြိုးကိုင်သူပါမကျန် ဖမ်းဆီးသွားမှာဖြစ်လို့ သတင်းအချက်အလက် အပြည့်အစုံရတဲ့အထိ စောင့်ဆိုင်းရမှာပါလို့ ပြောသွားပါတယ်။
ဆီနာလိုအာပြည်နယ်ရဲ့ မြို့တော် ကူလီယာကန်ဟာ လက်ရှိမှာ ဒုစရိုက်ဂိုဏ်းတွေအကြား ပဋိပက္ခတွေကြောင့် အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၂၅ မေလတုန်းက ဟာလစ္စကိုပြည်နယ်၊ ဇာပိုပန်မြို့က သူ့အလှပြင်ဆိုင်မှာ Tik Tok လိုက်ဖ်လွှင့်နေရင်း ပစ်သတ်ခံခဲ့ရတဲ့အလှအပရေးရာ ဆယ်လီမော်ဒယ် ဗလယ်ရီးယားမားကွက်ဇ်ရဲ့ ဖြစ်စဉ်နဲ့ ပုံစံတူ ဖြစ်နေပါတယ်။
Source: Reuters










