သက်တမ်းလယ်ရွေးကောက်ပွဲမှာ အီရန်စစ်ပွဲ အကျိုးသက်ရောက်မှုတွေ ရှိပေမဲ့ နောင်တမရဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
နိုဝင်ဘာလမှာ အမေရိကန်နိုင်ငံရဲ့ သက်တမ်းလယ် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အီရန်စစ်ပွဲကြောင့် ထောက်ခံသူတွေရဲ့ စိတ်ပျက်မှုတွေနဲ့ စစ်ပွဲ မထောက်ခံမှုတွေ ရှိတဲ့အပေါ် ထရမ့်ပ်က Fox News နဲ့ အင်တာဗျူးမှာ အခုလို ပြောခဲ့တာပါ။
ထရမ့်ပ်ဟာ Fox News ရဲ့ အင်တာဗျူးမှာ ထောက်ခံသူတွေရဲ့ သဘောထားပြောင်းနိုင်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။
အီရန်စစ်ပွဲသာ မရှိခဲ့ရင် ဓာတ်ဆီ တဂါလန် ၂ ဒသမ ၂၅ ဒေါ်လာနဲ့ သက်တမ်းလယ် ရွေးကောက်ပွဲလည်း အေးအေးဆေးဆေး ဖြစ်နေမှာမဟုတ်လားလို့ Fox News ရဲ့ မေးမြန်းသူ လော်ရာအင်ဂရာဟမ်ရဲ့ မေးမြန်းမှုကို ထရမ့်ပ်က နောင်တ လုံးဝ မရှိဘူးလို့ ဖြေခဲ့တာပါ။
ထရမ့်ပ်က “အဲ့လိုမဟုတ်ပါဘူး၊ နောင်တဆိုတဲ့ စကားကို ကျနော် မယုံဘူး။ ဒီလိုမေးခွန်းမျိုး လူတချို့က ကျနော့်ကို လာမေးကြတယ်။ ဒီလို ထပ်လုပ်ဦးမှာလားဆိုရင် ကျနော် ထပ်လုပ်ဦးမှာပါ။ ကျနော်က အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖယ်ရှားခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က ရွေးကောက်ပွဲပြီးရင် စစ်ပွဲအဆုံးသတ်မယ်လို့ သူထင်တဲ့အကြောင်း ထပ်မံပြောခဲ့ပါသေးတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို စစ်ပွဲဆင်နွှဲခဲ့တဲ့ အကျိုးဆက်အနေနဲ့ ရေနံဈေးနှုန်း မြင့်တက်မှုက ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တို့ ဦးဆောင်နေမှုကို ထိခိုက်လာနိုင်တဲ့ အဓိကအချက် ဖြစ်စေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီရန်ကလည်း အစ္စရေးနဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
ထရမ့်ပ်ကတော့ အီရန်စစ်ပွဲရဲ့ အဓိကအချက်က နျူကလီးယား စွမ်းဆောင်ရည်တွေ အားနည်းအောင်လုပ်ဖို့ အဓိကရည်ရွယ်ချက် ဖြစ်တယ်လို့ ပြောထားပါတယ်။
အမေရိကန် စွပ်စွဲသလို နျူကလီးလက်နက်တွေ မပိုင်ဆိုင်ထားကြောင်း နဲ့ ယူရေနီယံသန့်စင်မှုတွေက ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက် ဖြစ်တယ်လို့ အီရန်က ပြောဆိုထားတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











