
ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ မိုင်းတုံ သံလွင်ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီက လူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ် ဒေသခံအပါအ၀င် ပြည့်သူလွှတ်တော် ကိုယ်စားလှယ်က ဆန္ဒပြမယ့် သတင်းကြောင့် ပယ်ဖျက်ခဲ့ပါတယ်။
ဧပြီ ၃၀ ရက် သြစတြေးလျ စနိုးရီ မောင်တိန်း အင်ဂျင်နီယာ ကော်ပိုရေးရှင်း(SMEC)က အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေက လူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံ ၃၀၀ ကျော် ဆန္ဒပြမယ့် သတင်းကြောင့် ဖျက်သိမ်းလိုက်တာလို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ထုတ်ပြန်ပါတယ်။
ဒီရေကာတာတည်ဆောက်မှုနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေက မိုင်းတုံဒေသခံတွေကို ဧပြီလ အစောပိုင်းက သွားရောက် ရှင်းလင်းစဉ်မှာလည်း ဒေသခံတွေက သပိတ်မှောက်ခဲ့ကြပါတယ်။
ရေကာတာ တည်ဆောက်ဖြစ်မယ်ဆိုရင်တော့ အရှေ့တောင်အာရှမှာ အကြီးမားဆုံး ရေကာတာ ဖြစ်လာ မှာ ဖြစ်သလို ကွန်ဟိန်းမြို့နယ်တွင်းရှိ ရွာပေါင်း ၁၀၀ ကျော်နဲ့ နန့်ပန်မြစ်လက်တက် တလျှောက်ဟာ ရေအောက်ရောက်မှာ ဖြစ်ပါတယ်။
ရေကာတာကနေ လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် ၇၀၀၀ ကျော်ထုတ်ယူနိုင်မှာ ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။
[gallery ids="91359,91360,91361,91362,91363,91364"]










