မျက်စိမှိတ် အရက်မူးသည့်ပုံစံ လုပ်ပြနိုင်သည့် လူတူ စက်ရုပ်
DVB
·
May 2, 2015
လူတူစက်ရုပ် မိ(တ်)ဟန်ဟာ ခလုပ်တချက် နှိပ်ရုံနဲ့ ပြုံးပြ၊ မျက်မှောင်ကြုတ်ပြ၊ မျက်စိမှိတ် ပြနိုင်သလို အရက်မူးနေတဲ့ပုံစံပါ ပြုလုပ်နိုင်ပါတယ်။
ဟောင်ကောင်က လျှပ်စစ်ပစ္စည်းပြပွဲတခုမှာ ပရိသတ်ကိုအံ့သြသွားစေတဲ့ ဟန်ရဲ့ မျက်နှာအမူအရာပေါင်း များစွာကို မော်တာအလုံး ၄၀ နဲ့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒီမော်တာတွေကို လူတို့ရဲ့အသားအရည်နဲ့ တူတဲ့ အသားရာဘာ အတိုကောက်အားဖြင့် ဖရက်ဗာနဲ့ ဖုံးအုပ် ထားတာ ဖြစ်ပါတယ်။
သဘာဝကျလွန်းလှတဲ့ အန်းဒရွိုက်စက်ရုပ်ဟာ သူ့ကို လာရောက်ဆက်သွယ်တဲ့ လူသားစစ်စစ်တွေရဲ့ အမူအရာတွေကို သရုပ်ခွဲ နားလည်နိုင်ပါတယ်။
“သူ့ရဲ့မျက်လုံး ၂ လုံးနဲ့ ရင်ဘတ်ပေါ်မှာ ကင်မရာတွေ ရှိတော့ လူတွေ မျက်နှာတွေကို မှတ်မိရုံသာမက ကျား/မ၊ အသက်အရွယ်နဲ့ သူတို့ ပျော်ရွှင်နေလား၊ ၀မ်းနည်းနေလားဆိုတာကိုပါ ခွဲခြား နားလည်နိုင်ပါတယ်။” လို့ ဟန်ဆန် စက်ရုပ် ကုမ္ပဏီက ထီထွင်သူ တဦးဖြစ်တဲ့ ဂရေ့စ်ကော်ပယ်စတုန်းက ပြောပါတယ်။
အသံမှတ်ဆော့ဝဲလ်ရဲ့ကျေးဇူးကြောင့် ဟန်ဟာ အလာပသလာပ စကားတွေကို ပြောနိုင်စွမ်း ရှိပါတယ်။
ဥပမာအားဖြင့် "မင်းက ငါ့ဇနီးအတွက်တော့ ပြီးပြည့်စုံတဲ့ယောက်ျားတယောက်လို့ ထင်တယ်။" "ခင်ဗျားပြော သလိုတော့ ကျုပ်လိုက်လုပ်ဖို့ မလိုဘူး။ ကျုပ်မှာ ကိုယ်ပိုင်ဆန္ဒ ရှိတယ်။" "ပျော်ဖို့လည်း ကောင်းတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ရှင့်ကို သူက ချက်ကျလက်ကျကို ပြန်ပြောနိုင်တယ်နော်။" စတာတွေကို ပြောနိုင်ပါတယ်။
လူတူစက်ရုပ်တွေဟာ အထူးသဖြင့် မျက်နှာချင်းဆိုင်စကားပြောဖို့ အရေးကြီးတဲ့နေရာတွေမှာ လုပ်ငန်း တာဝန်ပေါင်းများစွာကို ထမ်းဆောင်နိုင်ပါတယ်လို့ ဟန်ဆန် စက်ရုပ်ကုမ္ပဏီက ဆိုပါတယ်။
ဒီလိုနေရာတွေထဲမှာ ဟိုတယ်ဧည့်ကြိုကောင်တာတွေ ပြတိုက်နဲ့ ကာစီနိုစသဖြင့် ဖျော်ဖြေရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။
ဆေးဝါးသင်တန်းမှာ ကူညီပေးနိုင်မှာဖြစ်သလို သက်ကြီးရွယ်အိုတွေအတွက် စောင့်ကြည့်စက်ရုပ်အဖြစ် သုံးနိုင်မယ်လို့လည်း သူတို့က ယူဆထားပါတယ်။
လူသားမျက်နှာနဲ့ စက်ရုပ်က သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့နေရာမှာ ပိုပြီး ချဉ်းကပ်နိုင်သလို ထိရောက် အကျိုးသက်ရောက်မှုများမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဟန်ကတော့ ဒီအလုပ်မျိုး လုပ်ရမယ့် စက်ရုပ် မဖြစ်နိုင်ပါဘူး။ အဲဒီအစား ပိုပြီး ချဉ်းကပ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးစက်ရုပ် အေဗာကို စီးပွားဖြစ် ဖြန့်ချီသွားဖို့ရှိပြီး ဒီနှစ်မှာ မော်ဒယ်ပုံစံ ရာနဲ့ချီပြီး ထုတ်လုပ်သွားဖို့ ရှိပါတယ်။
[gallery ids="91311,91312,91313,91314,91315,91316,91317,91318"]