DVB Logo
Home
Lead Story
ဆက်ကြေးမကောက်ပါဘူး၊ ကျနော်တို့ အခွန်ကောက်တာပါ - တာပါန်လ
DVB
·
May 2, 2015
ဆက်ကြေးမကောက်ပါဘူး၊ ကျနော်တို့ အခွန်ကောက်တာပါ - တာပါန်လ
1 / 6
Donate to DVB

ရှမ်းပြည်နယ် မူဆယ်၊ ကွတ်ခိုင်နဲ့ သိန္ဒိမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင် တပ်မတော်တို့အကြား အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ အစိုးရဘက်ကတော့ ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်တာဟာ တအာင်းပလောင်တပ်က ဆက်ကြေး ကောက်ခံလို့ မြန်မာတပ်မတော်က သွားရောက်ရှင်းလင်းရာကနေ တိုက်ပွဲတွေ အပြန်အလှန် ဖြစ်ပွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ငွေကြေးကောက်ခံမှုနဲ့ တိုက်ပွဲတွေ အခြေအနေနဲ့ပတ်သက်ပြီး တအာင်းပလောင်တပ်မတော် (PSLF/TNLA) ရဲ့  နိုင်ငံခြားရေးဌာနမှူး တာပါန်လကို ဆက်သွယ်မေးမြန်းထားပါတယ်။

PSLF/TNLA နဲ့ အစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။  တိုက်ပွဲတွေဖြစ်သေးလား၊ နောက်ဆုံးအခြေအနေလေး ပြောပြပေးပါဦး။

“တိုက်ပွဲတွေကတော့ ဖြစ်နေတယ်ဗျာ။ အထူးသဖြင့်ကတော့ မူဆယ်၊ ကွတ်ခိုင်၊ သိန္ဒိ မြို့နယ်တွေမှာဖြစ်ပါတယ်။ ဒီနေ့လည်းဖြစ်တယ်။ ဒီနေ့ကတော့ မနက် ၁၂ နဲ့ ၂ နာရီကြားလောက်မှာ ၃၊ ၄နေရာလောက်ဖြစ်ပွားပါတယ်။ ဘယ်နေရာမှာဖြစ်သလဲဆိုတော့ သိန္နီမြို့နယ် နမ့်ပင်းနဲ့ကောင်းခန်းရွာကြားမှာ တနေရာ။ ကွတ်ခိုင်မြို့နယ် ပင့်ဝှေ့ရွာ နားလေးမှာလည်း ဖြစ်ပါတယ်။ ပြီးတော့က ကွတ်ခိုင်မြို့အ၀င် မန်ပန်ကျေးရွာမှာလည်း ဖြစ်ပါတယ်။ နောက်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ကွတ်တံတားနားလေးမှာလည်းဖြစ်ပါတယ်။

တိုက်ပွဲက အဓိက ဘယ်လိုအကြောင်းကြောင့် ဖြစ်တာလဲ။

“အဓိက ကျနော်တို့ ပြန်ပြီး ဆက်စပ်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ TNLA ဘက်ကတော့ နွေရာသီထဲမှ တိုက်ပွဲတွေ လျော့ချတာမျိုး လုပ်ပါတယ်။ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့။ ဒါပေမယ့် ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီဧပြီလထဲမှာတော့ တိုက်ပွဲက ခါတိုင်းလထက် တော်တော်လေး လျော့ကျတဲ့ အနေအထားမျိုးတော့ ရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၇ ရက်နေ့တုန်းကနေ စပြီးတော့ အစိုးရတပ်ဘက်က ကျနော်တို့ တပ်စခန်းကို လာရောက် တိုက်ခိုက်ပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေက နေရာပြီးတနေရာ ကူးစက်သွားပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့ အခါတိုင်းထက် များလာတယ်။”

အခု အစိုးရရဲ့သတင်းစာထဲမှာ ဖော်ပြထားတာ တွေ့ပါတယ်။ TNLA အဖွဲ့ကနေပြီး ဆက်ကြေးကောက်ခံလို့ တပ်မတော်ဘက်က သွားပြီးတော့ ရှင်းတယ်ဆိုတဲ့ ပုံစံဖော်ပြထားပါတယ်။ ဆိုတော့ ဘာကြောင့် TNLA အနေနဲ့ ဆက်ကြေး ကောက်ခံရတာပါလဲ။”

“ကျနော်တို့ ဆက်ကြေးမကောက်ပါဘူး။ ကျနော်တို့ အခွန်ကောက်တာပါ။ ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၂ အကုန်လောက်ကစပြီး ကျနော်တို့ ဗဟိုကော်မတီကနေပြီးတော့ ရေးသားချမှတ်ထားတဲ့ ပြဋ္ဌာန်းထားတဲ့ အခွန်ဥပဒေရှိပါတယ်။ အဲဒီဥပဒေအတိုင်း တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။”

ဘယ်လိုပုံစံမျိုးတွေကောက်တာလဲ။

“အဲဒီက အသေးစိတ်ကိုတော့ ကျနော်မပြောနိုင်ဘူး ခင်ဗျာ။”

ကျမတို့လည်း ဓာတ်ပုံမှာတွေ့နေရတယ်။ ကားလမ်းပေါ်မှာထွက်ပြီးတော့ ကောက်ခံနေတဲ့ ပုံစံရှိတဲ့အတွက် ဒါက ပြည်သူတွေကို ကူညီရာမရောက်ဘဲ အခက်အခဲ ဖြစ်စေတယ်လို့ ပြောနေကြတယ်။ ဒီပေါ်မှာရော ဘာပြောချင်လဲ။

“ကျနော်တို့ သတ်မှတ်ထားတာမျိုးလည်း ရှိပါတယ်။ ကျနော်တို့ တနှစ်စာ ကောက်တာမျိုးလည်းရှိတယ်။ လစဉ်အလိုက် ကောက်တာမျိုးလည်းရှိပါတယ်။ အခု ဒီမှာတော့ ကျနော်တို့ တနှစ်စာအတွက် ကောက်တာပေါ့။ အဲဒီထဲမှာလည်း တခါတည်း ပေးနိုင်လည်း ပေးလို့ရတယ်။ တခါတည်း မပေးနိုင်သေးဘူး။ တလစာပဲ ပေးနိုင်သေးတယ် ဆိုရင်လည်း ပေးသွားလို့ရပါတယ်။ ကျနော်တို့က တခါတည်း မပေးမနေရ ပုံစံမျိုးလည်း မဟုတ်ပါဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ အခွန် ဥပဒေနဲ့အညီ ဆောင်ရွက်တာမျိုးပါ။”

အခွန်ဆိုရင်လည်း ဌာနတွေမှာ သွားပေးခိုင်းတာမျိုး မလုပ်ဘဲ ဘာကြောင့် လမ်းပေါ်မှာ ကောက်ခံတာမျိုး လုပ်တာလဲ။

“ဒါကတော့ လက်ရှိအခြေအနေအရ လုပ်ရတာပါ။ လက်ရှိအခြေအနေအရကတော့ ကျနော်တို့ ဒီအစိုးရတွေနဲ့လည်း ကျနော်တို့က နိုင်ငံရေးအရ စကားပြောလို့မရတဲ့ အခက်အခဲ ရှိနေသေးတဲ့ အခြေအနေမျိုးမှာတော့ အခုလက်ရှိအခြေအနေက ဒါမျိုးပဲ ကျနော်တို့က လုပ်ရတာပေါ့ဗျာ။”

တချို့လူတွေက ပြောပါတယ်။ ဒီလို လမ်းပေါ်မှာထွက်ပြီး ကောက်ခံတာက ဓားပြတိုက်ရာ ကျတယ်လို့ ပြောဆိုနေတာမျိုး ရှိပါတယ်။ ဒီအပေါ် ဘာပြောချင်လဲ။

“ကျနော်တို့ အဲလိုမျိုး မလိုလားအပ်တဲ့သူတွေရဲ့ စွပ်စွဲပြောဆိုတဲ့စကားလုံးတွေ ကတော့ ကျနော် ဘာမှ ပြန်ပြောစရာမရှိပါဘူး။”

ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ TNLA အပေါ်  ဆန့်ကျင်ဘက်အမြင်တွေ ဖြစ်လာမှာကို မစိုးရိမ်ဘူးလား။

“ကျနော်ထင်တယ် ဒီလက်ရှိအစိုးရအဖွဲ့အစည်းရော တခြားအဖွဲ့အစည်းတွေအကုန်လုံးက ဒီလိုမျိုးပဲ လူထုအပေါ်မှာ မှီတည်ရပါတယ်။ ကျနော်တခု ပြောနိုင်တာကတော့ ဘယ်အဖွဲ့အစည်းမဆို အပြည့်အစုံ ထောက်ခံမှုကတော့ မရပါဘူး။ တဆက်တည်းမှာလည်း ကျနော်တို့ အတိုက်အခံအမြင်တွေလည်း တက်ကြပါတယ်။ ဒါက ကျနော်တို့ လက်ခံပါတယ်။”

၂၇ ရက်နေ့ကတည်းအခုချိန်ထိ တိုက်ပွဲ ဘယ်လောက်ဖြစ်ခဲ့လဲ။ အကျအဆုံး ဘယ်လောက်ရှိလဲ ပြောပြပါဦး။

“၂၇ ရက်နေ့ကနေစပြီး ဒီကနေ့အထိဆိုရင်တော့ ဒါ ၁၀ ကြိမ်ဝန်းကျင်လောက်ကို ရောက်နေပြီ။ အကျအဆုံးကတော့ နှစ်ဖက်စလုံးမှာရှိတယ် ခင်ဗျာ။ ကျနော်တို့ဘက်ကလည်း အကျအဆုံး ၄၊ ၅ ယောက်လောက် ရှိသလို အစိုးရတပ်ဘက်ကလည်း အတော်များများ  ၁၅ ဦး ၀န်းကျင်လောက်ရှိတယ်ခင်ဗျာ။”

ပန်ခမ်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေက ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အတွက် ဆွေးနွေးနေတဲ့အချိန်မှာ ပလောင်ဘက်မှာ ဘာကြောင့် တိုက်ပွဲဖြစ်ရတာလဲ။ ငြိမ်းချမ်းရေးကို မလိုလားလို့လား။

“ကျနော်တို့က အစိုးရအဖွဲ့တွေနဲ့ ၂၀၁၃ ဇူလိုင်လမှာတကြိမ် တရားဝင် မူဆယ်မှာတခါ တွေ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ထပ်တွေ့နိုင်ဖို့ ကျနော်တို့ ကြိုးပမ်းပါတယ်။ အထူးသဖြင့် ကျနော်တို့ ဒီ ၂၀၁၄ စက်တင်ဘာလထဲမှာ အစိုးရအဖွဲ့ကို ကျနော်တို့ ၂ ကြိမ်တိတိ စာတွေ ပေးပို့ကမ်းလှမ်းတာမျိုးတွေ ရှိပါတယ်။ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ လျော့ချနိုင်ဖို့ စာပို့တာမျိုးတွေ ရှိပါတယ်။ ပြီးတော့က ကျနော်တို့ တအာင်းတပ်မတော်က ဘယ်နေရာ ဘယ်ဒေသတွေမှာ လှုပ်ရှားနေတယ်ဆိုတာမျိုးလည်း အစိုးရအဖွဲ့ကို အသိပေးထားတာမျိုးလည်း ရှိပါတယ်။ ၂၀၁၅ ထဲမှာလည်း ကျနော်တို့ဘက်ကနေပြီးတော့ စတင်ကမ်းလှမ်းတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိ အစိုးရဘက်က ပြန်လည် အကြောင်းကြားတာမျိုးတွေ မရှိသေးဘူး။ ဒီအချက်အလက်တွေကြည့်မယ်ဆိုရင်တော့ ကျနော်တို့ဘက်က တွေ့ဆုံနိုင်ဖို့၊ စကားပြောနိုင်ဖို့အတွက် ကြိုးစားတယ်။ ကျနော်တို့ဘက်က အကြိမ်ကြိမ်ခါခါ ကမ်းလှမ်းပါတယ်။ အခုချိန်ထိတော့ ဘာမှ တုံ့ပြန်တာမျိုးတွေမရှိသေးပါဘူး။ ”

တိုက်ပွဲတွေက ဆက်ဖြစ်နိုင်မယ့် အခြေအနေတွေရှိလား။

“အထူးသဖြင့်ကတော့ ကျနော်တို့ တောက်လျှောက်ပြောခဲ့တဲ့ စကားရှိပါတယ်။ ထိုးထားတဲ့ အစိုးရတပ်ဘက်က ထိုးစစ်တွေ ပြန်လည်ရုပ်သိမ်းသွားမယ်ဆိုရင်တော့ ဆက်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ ဆိုလိုတာက  ၂၀၀၉၊ ၂၀၁၀ လောက်ကတည်းက ရှိနေတဲ့ စခန်းတွေကို မဆိုလိုပါဘူး။ တခြားနေရာကနေပြီးတော့ လာရောက်ထိုးစစ်ဆင်နေတဲ့ စစ်တပ်တွေကို ပြောတာပါ။ အဲဒီထိုးစစ်တွေ ပြန်လည် ရုပ်သိမ်းသွားမယ်ဆိုရင်တော့ တခြား ကျနော်တို့ ပစ်ခတ်စရာအကြောင်းလည်း မရှိပါဘူး။”

တခြား ဘာပြောချင်တာရှိဦးမလဲ။

“ကျနော်တို့ အခုလို တိုက်ပွဲဖြစ်နေတာက မလိုသူတွေကပြောတဲ့ အခွန်ကောက်လို့ တိုက်ပွဲဖြစ်တယ်ဆိုတာထက် အစိုးရတပ်ဘက်က ထိုးစစ်တွေဆင်နေလို့ တိုက်ပွဲဖြစ်ရတာပါ။ ပြီးတော့က ကျနော်တို့ အဲလို အခွန်ကောက်ခံတာမျိုး မလုပ်ခင်ကတည်းက တောက်လျှောက် တိုက်ပွဲဖြစ်နေတာပါ။ ပြီးတော့ ကျနော်တို့ အခွန်ကောက်တာက ၂၉ ရက်မှာ ကောက်တာပါ။ ၂၇ ရက်ကတည်းက အစိုးရတပ်ဘက်က ကျနော်တို့ စခန်းကိုလာပြီး ထိုးစစ်ဆင်တာမျိုးတွေ ရှိခဲ့တာပါ။”

[gallery ids="91302,91303,91304,91305,91306,91307"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013