DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားကို ပစ်သတ်ခဲ့သည့် ထိုင်းဆရာဝန် သားအဖ သေဒဏ်ကျ
DVB
·
May 2, 2015
မြန်မာအလုပ်သမားကို ပစ်သတ်ခဲ့သည့် ထိုင်းဆရာဝန် သားအဖ သေဒဏ်ကျ
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း ဖစ်ချဘူရီခရိုင်မှာ မြန်မာအလုပ်သမားတဦးကို သတ်ပြီး ခြံထဲမြုပ်နှံခဲ့တဲ့ ရဲဆရာဝန် သားအဖကို သေဒဏ်ချမှတ်စီရင်လိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က  မြန်မာအလုပ်သမားတဦးကို သေနတ်နဲ့ ပစ်သတ်ပြီး  ထာ့ယန်းမြို့နယ်ရှိ နာနတ်ခြံ ထဲမှာ မြုပ်နှံခဲ့ကြောင်း လူသက်သေ ၊ ပစ္စည်းသက်သေခံတွေနဲ့ ပစ်မှုထင်ရှားတဲ့အတွက် ဘန်ကောက် ရဲဆေးရုံက ဆရာဝန်ဟောင်း ဗိုလ်မှူးကြီး ဒေါက်တာ ဆူဖတ် လောဟ၀ပ်ထနနဲ့ သား ၂ ဦးကို မေ ၁  ရက်မှာ ခရိုင်တရားရုံးက စီရင်ချက်ချခဲ့ တယ်လို့ မတီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တခြံတည်းနေ မြန်မာအလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ ဆရာဝန်နဲ့ သား ၂ ဦးဟာ မြန်မာ အလုပ်သမား ဦးအိန်တကိုသေနတ်နဲ့ ပစ်သတ်ပြီး သူတို့ခြံထဲမှာ မြုပ်နှံခဲ့ကြောင်း ထွက်ဆိုခဲ့ကာ တခြား ခိုင်လုံတဲ့ အထောက် အထားတွေအရ ပြစ်မှုထင်ရှားတဲ့အတွက် ပထမ တရားခံ ဒေါက်တာ ဆူဖတ် နဲ့  ဒုတိယ တရားခံ နိုင်းအစ် တို့ကို သေဒဏ်၊ တတိယ တရားခံဖြစ်တဲ့ နိုင်းအခရ ကတော့ လူငယ်ဖြစ်တဲ့အတွက် ထောင်ဒဏ် ၂၅ နှစ် နဲ့ ၃ လ ချမှတ်ခဲ့တာပါ။

ဒေါက်တာဆူဖတ်ဟာ တခြား ထိုင်းဇနီးမောင်နှံ ၂ ဦးဆီက မော်တော်ကားနဲ့ ငွေတွေလိမ်လည်ထားတဲ့ အမှုလည်းရှိခဲ့တဲ့ အတွက်  ဒီကနေ့ တရားစီရင်ခြင်း မပြုမီကတည်းက လိမ်လည်မှု၊၊ လူကုန်ကူးမှု စတာတွေနဲ့ ထောင်ဒဏ် ၈ နှစ် ၃ လ အပြစ်ပေးခံရပါတယ်။

ဒေါက်တာဆူဖတ်ကတော့ ထွက်ပြေးပုန်းရှောင်နေပြီး  ဒီကနေ့လည်း တရားရုံးတော် ရောက်လာခြင်းမရှိဘဲ ကမ္ဘောဒီးယားနိုင်ငံမှာ တိမ်းရှောင်နေတယ်လို့ဆိုတဲ့  အတွက် ဖမ်းဝရမ်းထုတ်ထားတယ်လို့  သည်နေးရှင်း သတင်းမှာရေးပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းဇနီးမောင်နှံ ၂ ဦး လအတန်ကြာ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး မိဘဆွေမျိုးတွေ က သူတို့ရဲ့ကားကို ဆရာဝန်ခြံထဲမှာ တွေ့ရှိကာ ဆရာဝန်က သတ်ဖြတ်ပြီး အလောင်းဖျောက် ထားတယ်လို့ ယူဆတဲ့အတွက် ရဲတွေက သူ့ခြံကို တူးဖော်ရာက လူရိုးခေါင်း ၂ ခုတွေ့ခဲ့ပြီး ဒီအန်အေစစ်ဆေးရာမှာ ဇနီးမောင်နှံမဟုတ်ဘဲ မြန်မာအလုပ်သမား အရိုးစုဖြစ်ကြောင်းတွေ့ရှိခဲ့တာပါ။

အရိုးစု ၂ စုံအနက် တစ်စုံက ရိုးရိုးဖျားနာပြီးမှ သေဆုံးတဲ့ အလုပ်သမားအရိုးဖြစ်ပြီး နောက်တစုံက အသတ်ခံရတာဖြစ်ကြောင်းနောက်ပိုင်းမှာ သက်သေတွေက ထွက်ဆိုခဲ့ တာဖြစ်ပါတယ်။

သေဆုံးတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ၊ အထောက်အထား မရှိတဲ့အတွက် သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မသိရဘူးလို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013