
ရုရှားတပ်တွေက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆူမွေနဲ့ ခါခိဗ်ဒေသတွေက ရွာ ၃ ရွာကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်က ပြောပါတယ်။
တချိန်တည်းမှာ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးဌာနချုပ်က ရှေ့တန်းစစ်မျက်နှာတလျှောက် တိုက်ပွဲပေါင်း ၂၀၅ ခု ဖြစ်ခဲ့ပြီး ဦးတည်ရာလမ်းကြောင်း အသီးသီးမှာ တိုက်ပွဲအသစ်တွေ အများကြီးဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံခြား ကြေးစားတိုက်ခိုက်ရေးသမားတွေရှိရာ နေရာပေါင်း ၁၅၂ ခုတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်တပ်အတွက် မိုဘိုင်းအင်တာနက်နဲ့ Starlink ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တွေကို အထောက်အပံ့ပေးနေတဲ့ ကိယက်ဗ်မြို့က ဒေတာစင်တာတခုကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စနေနေ့ မနက် ၈ နာရီအချိန်အထိ ဘယ်လ်ဂိုရော့ဒ်နဲ့ ဘရန့်စ်ခ်ဒေသတွေ၊ ပင်လယ်နက် ဒေသတွေမှာ ယူကရိန်းဒရုန်းပေါင်း ၆၄၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချနိုင်ခဲ့တယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ယူကရိန်းလေတပ်၊ ဒုံးကျည်တပ်ဖွဲ့တွေနဲ့ အမြောက်တပ်ဖွဲ့တို့က လွန်ခဲ့တဲ့ တရက်တာအတွင်း ရုရှား ဒရုန်းထိန်းချုပ်ရေးနဲ့ လွှတ်တင်ရေးစခန်း သုံးခု၊ အမြောက်စနစ် ခြောက်ခုနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတခုတို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးဌာနချုပ်က ပြောပါတယ်။
ဒါ့ပြင် စလိုဘိုဇန်စ်နဲ့ ကာ့စ်ဒေသတွေက မြောက်ဘက်နဲ့ တောင်ဘက် ဦးတည်ရာ လမ်းကြောင်းတွေမှာ တိုက်ပွဲတွေ အများအပြား ဆင်နွှဲခဲ့တယ်လို့လည်း သူက ပြောပါတယ်။
Source: Reuters










