DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ရေး ထောက်ခံကြရန် UWSA ပန်ကြား
DVB
·
May 1, 2015
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ရေး ထောက်ခံကြရန် UWSA ပန်ကြား
Donate to DVB

ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ်မှာ ဒီနေ့စတင်တဲ့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စညှိနှိုင်းမှုအပြင် ၀ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုရေးကို ထောက်ခံပေးဖို့ UWSA ခေါင်းဆောင် ဦးပေါက်ယိုချမ်းက ပန်ကြားတောင်းဆိုပါတယ်။

အိမ်ရှင်UWSA ရဲ့ စစ်သေနာပတိချုပ် ဦးပေါက်ယိုချမ်းက  ဒီထိပ်သီးအစည်းအဝေးဟာ လက်ရှိပြည်တွင်းရေးငြိမ်းချမ်းရေးကို မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ လို့ အဖွင့်အမှာစကားမှာ ပြောပါတယ်။

တနိုင်ငံလုံးငြိမ်းချမ်းရေးကိစ္စပြသနာတွေကို ညှိနှိုင်းဆွေးနွေးပြီး အမြင်သဘောထားတခု ရယူဖို့နဲ့ ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့နဲ့ နောက်ဆုံးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးစာချုပ်တခု ရေးထိုးနိုင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရကိုယ်စားလှယ်တွေနဲ့ အန်စီစီတီအကြား ရရှိအကောင်အထည်ဖော်ကြတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ထိုး၊ ဒီနောက်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လှမ်းဖို့ သဘောတူထားကြပါတယ်။

မတ်လကုန်ပိုင်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (မူကြမ်း) Singal Text နဲ့ပတ်သက်လို့ သူက  “တနိုင်ငံလုံးစစ်ရပ်စဲရေးအကောင်အထည်ဖော်ရာမှာ များပြားလှတဲ့ မသေချာ မရေရာမှုတွေနဲ့ တိုက်ပွဲတွေရှိနေဆဲဖြစ်ပြီး စစ်ပွဲမရပ်စဲနိုင်သမျှကာလပတ်လုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ စက္ကူပေါ်က စာသားတွေသာဖြစ်တယ်” လို့   ပြောဆိုပါတယ်။

မြန်မာပြည်မှာ ခေတ်အဆက်ဆက် အစိုးရတွေဟာ လူနည်းစုတိုင်းသားတွေရဲ့ သိက္ခာနဲ့ ဂုဏ်သရေကို အလေးထားခြင်းမရှိ၊ နိုင်ငံတော်တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုမရှိခဲ့ဘဲ ကာလရှည်ကြာစွာ နှိမ်နင်းခြင်း ခွဲခြားဆက်ဆံခြင်းရှိနေတယ်လို့ သူက ပြစ်တင်ဝေဖန်ပါတယ်။

UWSA က ပြည်ထောင်စုအစိုးရထံ တင်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့်သတ်မှတ်ပေးဖို့ကိစ္စကို   ထောက်ခံပေးကြဖို့လည်း ဦးပေါက်ယူချမ်းက တောင်းဆိုပြောကြားပါတယ်။

ဦးပေါက်ယူချမ်းဟာ ၀ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီအတွင်းရေးမှူးချုပ်။ ၀ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ၀ပြည်နယ်ပြည်သူ့အစိုးရဥက္ကဌ ဖြစ်ပါတယ်။

ဝဒေသဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်ခဲ့ ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အပိုဒ် ၅၆ (စ) မှာ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး ‘၀’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခုနဲ့ ပြည်ထောင်စုနယ်မြေများနဲ့ ပိုင်းခြားသတ်မှတ်ထားပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် နေပြည်တော်ကို သတ်မှတ်ထားပါတယ်။

ဧရိယာ စတုရန်းကီလိုမီတာ တစ်သောင်းခုနှစ်ထောင်ခန့်ရှိတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ခြင်း ရှည်လျားစွာထိတွေ့ထိနေပြီး လူဦးရေ  ခြောက်သိန်းခန့် နေထိုင်သလို  အင်အားသုံးသောင်းခန့်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရှိပါတယ်။   တရုတ်ဘာသာ စကားကို ရုံးသုံးသာသာစကားဖြစ်သလို တရုတ်ငွေကြေးကိုသုံးစွဲနေပါတယ်။

ဒီမနက် အစည်းအဝေးကို ရောက်နေတဲ့ သတင်းထောက်တဦးက  အဖွင့်အမှာအစကားအပြီးမှာ ဆွေးနွေးပွဲကို စတင်ရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့က စတင်ဆွေးနွေးတယ်လို့ ရှင်းပြပါတယ်။

“ထူးခြားချက်ကတော့ မနက်က ဦးပေါက် (ဦးပေါက်ယူချမ်း) က စကားပြောတယ် အဖွင့်ပေါ့။  ပုံမှန်ပါပဲ။ သူတို့ နှုတ်ဆက်တယ်။ ဒီကနေ့ အဖွဲ့ ၆ ဖွဲ့က ဆွေးနွေးကြတယ်” လို့ ပြောပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (RCSS/SSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIA/KIO)၊  KNU ကရင်အမျိုးသားအစည်းအရုံး၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(PSLF)၊ ရခိုင်တပ်မတော်(AA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ NDAA မိုင်းလား တပ်ဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ(NMSP)၊  ၀တပ်ဖွဲ့(UWSA)၊  PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊  ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)တို့ တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်။ လက်ရှိနိုင်ငံရေးအခြေ အနေ။  တိုက်ပွဲပြင်းထန်တဲ့ ကိုးကန့်ဒေသအပါအ၀င်  တိုက်ပွဲအခြေအ နေတွေအပြင် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကြဖွယ်ရှိပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို  မေ ၆ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး မေလ ၃ ရက်နေ့မှာ တရက်တာ ရပ်နားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013