
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင်တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၅ နာရီကျော်လောက်က လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူက “ဗုံးကြဲခံရတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေက စစ်ရှောင်တွေပါ။ ရခိုင်ရိုးမအစပ်က စစ်ရှောင်တွေ။ စက်စက်ယိုရွာထဲမှာ နေနေတာ။ တယောက်က တခါတည်း ပွဲချင်းပြီး ဆုံးသွားတယ်။ နာမည်တွေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပန်းတောကြီးကျေးရွာနဲ့ တဆက်တည်း စက်စက်ယိုကျေးရွာကို ဂျက်ဖိုက်တာတွေအသုံးပြုကာ အာဇာနည်နေ့ မနက်အစောပိုင်းမှာ ဗုံးကြဲချခဲ့တာဖြစ်ပြီး နေအိမ် ၆ လုံးထက်မနည်းပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တဲ့ စက်စက်ယိုကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်က ယာယီထိန်းချုပ် စိုးမိုးထားပေမဲ့ တပ်စခန်းချ နေထိုင်တာ မရှိဘူးလို့ ဆိုပါတယ်။











