DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်အလုပ်သမားပြဿနာ အမြန်မဖြေရှင်းပါက စီးပွားရေးထိခိုက်နိုင်ဟု သမ္မတ သတိပေး
DVB
·
May 1, 2015
အလုပ်ရှင်အလုပ်သမားပြဿနာ  အမြန်မဖြေရှင်းပါက စီးပွားရေးထိခိုက်နိုင်ဟု သမ္မတ သတိပေး
Donate to DVB

အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှု ပြဿနာတွေကို အမြန်မဖြေရှင်းနိုင်ရင် နိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေရှိလာမယ်လို့ သမ္မတ ဦးသိန်းစိန်က  သတိပေးပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့တဲ့ သ၀ဏ်လွှာမှာ သမ္မတက အလုပ်ရှင်နဲ့ အလုပ်သမားအငြင်းပွားမှုတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အညီ  ဖြေရှင်းကြဖို့ တိုက်တွန်း ပြောကြားသွားတာပါ။

သမ္မတ ဦးသိန်းစိန်က “အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများနှင့် တောင်းဆို ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။  ဤသို့သော အခြေအနေတွင် အဆိုပါပြဿနာများကို အလျင်အမြန် မဖြေရှင်းနိုင်ခဲ့လျှင် (သို့မဟုတ်) လျော့နည်း သွားစေရန် ဥပဒေနှင့်အညီမဆောင်ရွက်နိုင်ခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းကို ထိခိုက်လာနိုင်ခြင်း၊ အလုပ်သမားများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေနိုင်ခြင်းနှင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအတွက် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များကို နှောင့်နှေးသွားစေ နိုင်ခြင်း စသည်တို့ကြောင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နိုင်ငံတော်၏ စီးပွားရေးအပေါ်၌ လည်း မလိုလား အပ်သည့် သက်ရောက်မှုများ ကျရောက်လာနိုင်မည့် အခြေအနေကိုလည်း သတိပြုရန်လိုအပ်ပါသည်” လို့  သ၀ဏ်လွှာမှာ ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအတွက် အနည်းဆုံး အခကြေးငွေကို သက်ဆိုင်ရာ လုပ်ငန်းရှင်နဲ့  အလုပ်သမားတွေအကြား နှစ်ဖက်ညှိနှိုင်း သဘောတူ သတ်မှတ်နိုင်တာဟာ  အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ လည်း သမ္မတက ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခကို မြင့်မားစွာ သတ်မှတ်ရင် ကုန်ထုတ်လုပ်မှု စရိတ်တိုးမြင့်ပြီး ကုန်ဈေးနှုန်းတက်နိုင်တာ၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတား ဖြစ်နိုင်တာစတဲ့  ဆိုးကျိုးတွေရှိသလို အနိမ့်ဆုံးလုပ်ခ နည်းပါးလွန်းရင်လည်း အလုပ်သမားတွေ စားဝတ်နေရေး အခက်တွေ့ကာ အလုပ်သမားနဲ့ အလုပ်ရှင် အငြင်းပွားမှုတွေ တောင်းဆို ဆန္ဒပြမှုတွေ ပိုများလာပြီး ကုန်ထုတ်စွမ်းအားကျဆင်းမှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက် နိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်တွင်းက အလုပ်သမားသမ္ဂတွေကတော့ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့် သတ်မှတ်ပေးရေး အပါအ၀င် အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀ပေးဖို့  ဒီကနေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ  ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမ်းအနားတွေကျင်းပပြီး အစိုးရကို တောင်းဆိုပါတယ်။

လှိုင်သာယာ စက်မှုဇုန်က အလုပ်သမားတွေကလည်း အနိမ့်ဆုံး လုပ်အားခကို တနေ့ မြန်မာကျပ်ငွေ ၅၆၀၀ ရရှိရေး ဒီကနေ့မနက်က ရန်ကုန်မှာ  ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ နိုင်ငံရဲ့ အခြေခံအကျဆုံး ဖြစ်တဲ့  အလုပ်သမားတွေ ဘဝအာမခံချက်ရှိရေးအတွက် ကျန်းမာရေးနဲ့   လူမှုဖူလုံရေး စီမံကိန်းတွေကို အစိုးရက ဆောင်ရွက်ပေးနေပြီး  အလုပ်သမား အဖွဲ့အစည်းတွေကိုလည်း  ဥပဒေနဲ့ အညီဖွဲ့စည်းခွင့် ပေးနေတယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်းပေါင်း  ၁၆၂၁ ဖွဲ့၊ အလုပ်ရှင်အဖွဲ့အစည်းပေါင်း  ၃၀ ဖွဲ့၊  အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်း စုစုပေါင်း ၁၆၅၁ ဖွဲ့စည်းခွင့် ပြုထားပြီးဖြစ်တယ်လို့  သမ္မတရဲ့ သ၀ဏ်လွှာမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013