
အမေရိကန်ထုတ်ကုန် ၇၀၀ ကျော်ကို လက်တုံ့ပြန် အခွန်ကောက်ခံမယ်လို့ ကနေဒါ ဖက်ဒရယ်အစိုးရက ကြေညာပါတယ်။
ကုန်ပစ္စည်း ၇၀၀ ကျော်ဟာ တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ကြေးရှိမယ် ဆိုပြီး အမေရိကန်ကို လက်တုံ့ပြန်တဲ့နေရာမှာ ဒေသခံ စီးပွားရေးသမားတွေ မထိခိုက်စေဖို့ ကနေဒါဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ကူညီပေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမေရိကန်က ကနေဒါကို အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာကြောင့် ဒေါ်လာကို ဒေါ်လာနဲ့ တန်ပြန်မယ်ဆိုတဲ့ တန်ပြန်အခွန်ကောက်ခံဖို့ ကြေညာထားပြီး စက်တင်ဘာ ၈ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။
အပြန်အလှန် အခွန်ကောက်ခံမှုတွေမှာ အလုပ်သမားတွေ၊ လယ်သမားတွေ၊ မိသားစုတွေနဲ့ စီးပွားရေးသမားတွေကို ဒေါ်လာဘီလီယံပေါင်းများစွာ ပံ့ပိုးသွားမယ်လို့ ကနေဒါ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
တန်ပြန်အခွန်ကောက်ခံမှုတွေထဲမှာ သံ၊ နို့ထွက်ပစ္စည်း၊ စိုက်ပျိုးရေးကိရိယာများ၊ အိမ်သုံးပစ္စည်း၊ စက္ကူနဲ့ ပျော့ဖတ်၊ လျှပ်စစ်ပစ္စည်းတို့ကို ၁၅၊ ၂၅၊ ၅၀ စတဲ့ ရာခိုင်နှုန်းအလိုက် အဆင့် ၃ ဆင့်နဲ့ အခွန်ကောက်မှာပါ။
သံနဲ့ အလူမီနီယံလိုမျိုး ကဏ္ဍတွေကိုတော့ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အမေရိကန်က ကောက်သလို ကောက်ခံမှာဖြစ်ပါတယ်။
အဲဒီအထဲမှာ အမေရိကန်ထုတ်ကားတွေ ပါသလို တခြားအခွန်တွေလည်း တန်ပြန်ကောက်ခံမယ်လို့ ဆိုပါတယ်။











