DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး သေဆုံးမှု ကျိုက်မရောတွင် ရုံးတင်စစ်ဆေး
DVB
·
April 30, 2015
ကိုပါကြီး သေဆုံးမှု ကျိုက်မရောတွင် ရုံးတင်စစ်ဆေး
Donate to DVB

စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး သေမှုသေခင်းအနေနဲ့ အမှုဖွင့်  စစ်ဆေးတာလို့  ကိုပါကြီးရဲ့ ဇနီး ဒေါ်သန္တာကပြောပါတယ်။

“ဒါကတော့ သေမှုသေခင်းပါ။ ဓမ္မတာအတိုင်း သေတာ ဟုတ်မဟုတ်ဆိုတာ တရားသူကြီးက အမိန့်ချရပါလိမ့်မယ်။ ဒါသေမှုသေခင်းကို အရင်စစ်တာပါ။ သေမှုသေခင်းပြီးတော့မှပဲ ကျန်တဲ့တခြားသော ပုဒ်မများနဲ့ ဆက်ပြီး အဲဒီအခါမှ ကျမက တရားလိုဖြစ်မှာပါလို့”  ပြောပါတယ်။

ဒီတကြိမ်ရုံးထုတ်တာက တတိယ အကြိမ်ရုံးထုတ်တာ ဖြစ်ပေမယ့် ကာယကံရှင်မိသားစုတွေ မသိလိုက်ရဘဲ သတင်းကြားတော့မှ စုံစမ်းသိရတာလို့လည်း ဒေါ်သန္တာက ပြောပါတယ်။

“ကျမက ၂၃ ရက်နေ့က မွန်ပြည်နယ်အခြေစိုက် သတင်းထောက်တယောက်ရဲ့ သတင်းပေးမှုအရ သိရတော့ ကျမက ဒီနေ့က စုံစမ်းဖို့ ဆင်းလာတာ။  ကျမအဓိက စုံစမ်းမှာက မြို့နယ်မှုးပေါ့နော်။ ဒီအမှုကို ကိုင်တဲ့ ကျိုက်မရော မြို့နယ်မှူး ဦးခင်မောင်အေးကို လာပြီ စုံစမ်းတာပါ။ မြို့နယ်မှူး ရုံးခန်းရောက်တော့မှ ဒီဟာကို တရားရုံးတင်နေပြီဆိုတာ တိတိကျကျ ခိုင်ခိုင်မာမာသိရတာ။”

ဒီမှုနဲ့ပတ်သက်ပြီး  ဧပြီလ ၁၀ ရက်နေ့က တကြိမ်၊ ၂၃ ၇က်နေ့က တကြိမ်နဲ့ ဒီကနေ တကြိမ်  ပေါင်း  ၃ ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့် မေလ ၁၁ ရက်နေ့ ရုံးပြန်ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်တွေမှာ ရဲ ၃ ယောက်ကို စစ်ဆေးခဲ့ပြီး ဒီနေ့တော့ အရပ်သား ၃ ယောက်ကို စစ်ဆေးကြောင်း၊ လာမယ့် မေလ ၁၁ ရက် ကျရင် ကိုပါကြီးရဲ့ ဇနီးဖြစ်သူက  အဓိက သက်သေအနေနဲ့ ထွက်ဆိုရမှာပါ။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ် တိုက်ပွဲ သတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး အစီရင်ခံစာ အမြန်တင်သွင်းဖို့ မြန်မာသမ္မတက  လူ့အခွင့်အရေးကော်မရှင်ကို ညွှန်ကြားခဲ့ပါတယ်။

အပြီးသတ်စုံစမ်းတွေ့ရှိချက် အစီရင်ခံစာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်နေ့ ကော်မရှင်က ထုတ်ပြန်ရာမှာ  ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကို  အတည်ပြုခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ တိုက်တွန်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013