DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့် ဒီအန်အေ ပြန်စစ်မည်
DVB
·
April 30, 2015
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့် ဒီအန်အေ ပြန်စစ်မည်
1 / 3
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ ဒီအန်အေတွေကို စစ်ဆေးဖို့ ထိုင်း အမျိုးသားမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖွန်းထစ်ထံ ပေးပို့ဖို့ ကော့စမွီခရိုင် တရားသူကြီးက ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ ဧပြီ ၃၀ ရက် မနက်က ကော့စမွီခရိုင်တရားရုံးမှာ တရားလိုပြသက်သေတွေ စစ်ဆေးစဉ် ခုလို ညွှန်ကြားလိုက်တာလို့ အမှုမှန် ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_91098" align="alignleft" width="326"]11182268_828834480527612_2759672985519396408_n ဓာတ်ပုံ - CSIA[/caption]

“ကျနော်တို့ဘက် က ရှေ့နေတွေ တောင်းဆိုထားတဲ့အတိုင်း တရားသူကြီးက ဒီအမှုနဲ့ ဆက်စပ်နေတဲ့ သက်သေပစ္စည်းတွေ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးဖို့အတွက် ထိုင်း တရားရေးဝန်ကြီးဌာန မှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ပ်ဆီ အမြန်ဆုံးပေးပို့ဖို့ ညွှန်ကြားပါတယ်။ ရဲတပ်ဖွဲ့ဆီမှာရှိနေတဲ့ သက်သေပစ္စည်းတွေပါ။”

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စမှာ အသတ်ခံရတဲ့သူဆီက တွေ့ရှိတဲ့ ဒီအန်အေနဲ့  တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ တူညီကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့် သူတို့ဆောင်ရွက်ချက်ဟာ မှုခင်းဆေးသိပ္ပံစစ်ဆေးမှု လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ ဒေါက်တာဖွန်းထစ်ပ်က သတင်းမီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် နောက်ထပ် အရေးကြီးသက်သေတခုဖြစ်တဲ့ စီစီကင်မရာက ဖမ်းယူထားတဲ့ အရုပ်တွေ အပြည့်အစုံ ပြန်ယူလို့ ရနိုင်မရနိုင်ကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။

[caption id="attachment_91099" align="alignleft" width="320"]ဓာတ်ပုံ - CSIA ဓာတ်ပုံ - CSIA[/caption]

ဒီကနေ့ တရားရုံးမှာတော့ တရားခံလို့ စွပ်စွဲခံထားရတဲ့  မြန်မာလူငယ်၂ ဦးဘက်က ရှေ့နေ ၂ ဦးအပြင် ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေပါ ၅ ဦး လာရောက်အားပေးခဲ့ပြီး အစိုးရရှေ့နေဘက်ကတော့ ၁ ဦးသာ တက်ရောက်ကာ   ရှေ့နေတွေက သူတို့ရရှိထားတဲ့ သက်သေတွေ လာရောက်တင်ပြခဲ့ကြပါတယ်။

ထိုင်းတရားသူကြီးကတော့ သူတို့အနေနဲ့ ဒီအမှုကို လူမျိုးဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ နိုင်ငံသားမရွေးဘဲ တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာ စီရင်ဆုံးဖြတ်မယ့်အကြောင်း၊ လာမယ့် ဇူလိုင်လ ၈ ရက် တရားခံတွေကို ရုံးထုတ်စစ်ဆေးတဲ့အခါမှာ မည်သူမဆို ရုံးတော်မှာ လာရောက် ကြားနာနိုင်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကိုတော့ ဒီကနေ့ တရားရုံးမှာ အမှုကိစ္စ ဘာမှမေးမြန်းခြင်းမရှိဘဲ ထောင်ထဲမှာ နေထိုင်ရတဲ့အခြေအနေ၊ အဆင်ပြေမှုရှိမရှိ မေးမြန်းခဲ့ကြောင်း၊ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းက  သူတို့အခန်းက အိမ်သာနဲ့နီးပြီး လူများတဲ့အတွက် အနေအထိုင်ကျဉ်းကြပ်တဲ့အကြောင်း ပြန်ဖြေခဲ့တယ်လို့  အန်ဒီဟောလ်က ပြောပါတယ်။

ဒီကနေ့ တရားလိုပြသက်သေစစ်ဆေးမှုကိုတော့ လိပ်ကျွန်းအမှုအတွက် ကူညီဆောင်ရွက်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ဖွဲ့စည်းထားတဲ့ အထူးကိုယ်စားလှယ်တွေ ကတော့ ရောက်မလာခဲ့ပါဘူး။

ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်သောင်းကတော့ သူတို့အနေနဲ့ တရားလိုပြ သက်သေ စစ်ဆေးမယ့်ကိစ္စ သိရှိပေမယ့်လည်း မြန်မာသံရုံးက တရားဝင်စေ လွှတ်စာ မရောက်တဲ့အတွက် မသွားခဲ့ရဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013