DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ အကြမ်းဖက်မှုအန္တရာယ်များ မြန်မာပြည်မှာရှိနေ
DVB
·
April 30, 2015
ရွေးကောက်ပွဲ အကြမ်းဖက်မှုအန္တရာယ်များ မြန်မာပြည်မှာရှိနေ
Donate to DVB

မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တခြားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု အန္တရာယ်တွေ ရှိနိုင်တယ်လို့  နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

ဘလ်ဂျီယံ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (အိုင်စီဂျီ) ရဲ့ ဧပြီ ၂၈ ရက်ထုတ်  “မြန်မာ့ရွေးကောက်ပွဲအခင်းအကျင်း” အစီရင်ခံစာမှာ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လုံခြုံရေးဆိုင်ရာ အဓိက စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ သတိပေးရေးသားထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာလို အခုနှစ် နိုဝင်ဘာလောက်မှာ ကျင်းပမယ်လို့ မြန်မာအစိုးရက ကြေညာထားတဲ့ ရွေးကောက်ပွဲမှာလည်း ဆန္ဒမဲပေးပွဲကို အဟန့်အတားဖြစ်စေမယ့် လုံခြုံရေးအခြေအနေတွေ ရှိနေလိမ့်ဦးမယ်လို့  အိုင်စီဂျီက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ မြန်မာပြည်တွင်း ပဋိပက္ခဖြစ်ရာဒေသတချို့မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိလို့ ဆိုပြီး  ဆန္ဒမဲပေးပွဲ မကျင်းပဘူးလို့  ရွေးကောက်ပွဲကော်မရှင်က  ကြိုတင်ကြေညာခဲ့ရပါတယ်။

လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေထဲမှာ ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့ထိန်းချုပ်ရာ ပန်ဆန်းနဲ့ အန်ဒီအေအေ ထိန်းချုပ် မိုင်းလားဒေသ အပါအ၀င် ရှမ်းပြည်နယ်က ၁၂  မြို့နယ်၊  ကချင်ပြည်နယ် ၉ မြို့နယ်၊  ကရင်ပြည်နယ် ၇ မြို့နယ်၊ မွန်ပြည်နယ် ၂ မြို့နယ်၊ နဲ့ ကယားပြည်နယ် ၂ မြို့နယ် စုစုပေါင်း ၃၂ မြို့နယ်က ကျေးရွာအုပ်စုပေါင်း ၃၀၀ ကျော် ပါဝင်ပါတယ်။

လက်ရှိ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေသလို  ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိဖြစ်နေပြီး မြို့နယ်နဲ့ ကျေးရွာ အတော်များများမှာ ရွေးကောက်ပွဲကျင်းပဖို့ ခက်ခဲတဲ့ မဖြစ်နိုင်တဲ့ အခြေအနေရှိနေသေးတယ်လို့ အိုင်စီဂျီအဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင် လာမယ့် ဇွန်လမှာဖြစ်နိုင်ချေရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးမှု ကသာ အကြမ်းဖက်မှု အန္တရာယ်ကို တစိတ်တပိုင်း  လျော့ပါးသက်သာစေမယ်လို့  အိုင်စီဂျီအဖွဲ့က မျှော်လ့င်ထားပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့လည်း တရားမ၀င်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ရင် မှတ်ပုံတင်ပယ်ဖျက်ခံရမယ့် ဥပဒေတွေကလည်း ရှိနေတုန်းဖြစ်ပြီး ဒီကိစ္စက တပြည်လုံး အပစ်ရပ်လက်မှတ်ရေးထိုးပြီးခဲ့ရင်တော့ အပြောင်းအလဲဖြစ်နိုင်မယ်ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ နိုင်ငံအနှံ့ ပြည်နယ်နဲု့တိုင်းဒေသကြီးမှာ  ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး သင်တန်းတွေ ပို့ချပေးနေပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။

ပဋိပက္ခဖြစ်ရာဒေသတခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ  ရွေးကောက်ပွဲလုံခြုံရေးကြိုတင် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးညွန့်ရွှေက “လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြည်နယ်ခရိုင် မြို့နယ်အလိုက် လုံခြုံရေးဆိုင်ရာ စီမံချက်တွေဆွေးနွေးပြီး စီစဉ်ထားတယ်။ ရွေးကောက်ပွဲ မတိုင်မီ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲပြီးဆုံးတဲ့အထိပေါ့၊ အထူးသဖြင့်တော့ မဲရုံတွေရဲ့ လုံခြုံရေးပေါ့ အဖျက်အဆီးဘာညာမရှိအောင်ပေါ့ ဒါက မလုပ်မီကာလ၊ မဲပေးနေတဲ့နေ့မှာလည်း စနစ်တကျ မဲရုံးအတွင်းအပြင်လုံခြုံရေးနောက် မဲပုံးတွေကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပါ ဆောင်ရွက်ပေးမှာပါ၊ ရွေးကောက်ပွဲအေးအေးချမ်းချမ်းနဲ့ ဆန္ဒမဲပေးနိုင်အောင်ပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

အရင်ရွေးကောက်ပွဲတွေမှာ ကချင်ပြည်နယ် တခုလုံးအတိုင်းအတာနဲ့  ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေမယ့် လာမယ့် ရွေးကောက်ပွဲမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ကောင်းတဲ့ ရလဒ်အပေါ်မူတည်ပြီး နေရာအစုံမှာ ကျင်းပသွားဖို့ ဆန္ဒရှိတယ်လို့လည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲက ပြောပါတယ်။

အိုင်စီဂျီ အဖွဲ့ကတော့ လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်လာနိုင်တဲ့ ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေအပြင် ရှမ်းနဲ့ပအိုဝ်း၊ ရှမ်းနဲ့ ကချင်လို လူမျိုးစု ဦးရေ ဆတူနီးပါးနေထိုင်ကြတဲ့ မဲဆန္ဒနယ်တွေမှာလည်း မတူတဲ့လူမျိုးစု အုပ်စုအကြား တင်းမာမှုတွေကနေ အကြမ်းဖက်မှုတွေဆီဦးတည်သွားနိုင်တယ်၊   လူမျိုးတူ ပါတီတွေအထူးသဖြင့် လက်နက်ကိုင် အုပ်စုနဲ့ နီးစပ်ထောက်ပံ့မှုပိုရတဲ့ ပါတီတွေအကြား ပြိုင်ဆိုင်မှုကလည်း အကြမ်းဖက်မှု အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း  မြန်မာအမျိုးသားရေးဝါဒနဲ့ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်တွေမြင့်တက်လာမှုကနေ ထိန်းမရပဲ အကြမ်းဖက်မှုတွေ  ကြိုးကြားကြိးကြားဖြစ်ခဲ့ သလို ရွေးကောက်ပွဲမှာလည်း အလားတူ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့  အိုင်စီဂျီက သုံးသပ်ပါတယ်။

ဒါ့ပြင် ၂၀၁၀ ရွေးကောက်ပွဲတုနုးက ကရင်ပြည်နယ် မြ၀တီနယ်စပ်မှာ ဒီကေဘီအေက တိုက်ခိုက်ခဲ့တာကို ထောက်ပြပြီး ၂၀၁၅ မှာလည်း လက်နက်ကိုင် တဖွဲ့ဖွဲ့က  ရွေူးကောက်ပွဲ လုပ်ငန်းစဉ်အရ မဟုတ်ဘဲ အာရုံစိုက်မှုရအောင်နဲ့ အစိုးကို နိုင်ငံရေးအရထိခိုက်အောင် ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်လာမှာကို မယုံလို့မရဘူးလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့   ရွေးကောက်ပွဲ စောင့်ကြည့်ဖို့  နိုင်ငံ တကာတကာလေ့လာသူတွေကို ပထမဆုံးအကြိမ်ဖိတ်ခေါ်ထားတာ၊ ကြိုတင်မဲ ပြဿ  နာမပေါ်အောင် အပြာင်းအလဲတွေ လုပ်ထားတာ၊ ကိုယ်စားလှယ်လောင်းကြေးလျော့ တာအပါအ၀င် ချို့ယွင်းအားနည်းချက်တွေ တိုးတက်လုပ်ဆောင်တာရှိခဲ့တယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ဟာ  လက်ရှိအာဏာရ အစိုးရနဲ့  ကြံခိုင်ရေးပါတီတို့နဲ့ နီးစပ်သူ တွေလို့  ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြတုန်းပဲလို့ဆိုပါတယ်။

အစိုးရ၀န်ထမ်းတွေအပါအ၀င်  လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အမှုထမ်းတွေဟာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲ အတွေ့အကြုံ အလွန်နုနယ်သေးတာ မဲဆန္ဒရှင်တွေရဲ့  ရွေးကောက်ပွဲအပေါ် နားလည်မှု  အရမ်းနည်းပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဖို့ လိုတယ်လို့ အိုင်စီဂျီက အကြံပြုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီးနဲ့  သမ္မတရွေးချယ်မယ့်အချိန်  ၃လလောက်ကြား ကာလမှာလည်း မရေရာမှုတွေ၊  တင်းမာမှုတွေ ဖြစ်နိုင်ပြီး  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း ရွေးကောက်ပွဲ နိုင်ခဲ့ရင်တောင် ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့် တားဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ အစားထိုးနိုင်မယ့် တခြားမြင်သာထင်ရှားသူ မရှိဘဲ  စစ်အစိုးရ ဟောင်းထဲက ပြုပြင်ပြောင်းလဲရေးသမားတဦးကို သမ္မတလောင်းအဖြစ် အလျော့ပေး ရွေးချယ်ရမယ့် အလားအလာရှိနေတယ်လို့  အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013