
ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အရင်က ပေးအပ်ထားတဲ့ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်ခွင့်ကို ဖျက်သိမ်းလိုက်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် အများဆုံး ရက် ၃၀ ပဲ နေထိုင်ခွင့်ပြုတော့မယ်လို့ ဩဂုတ် ၃၁ ရက် ထိုင်းတော်ဝင်ပြန်တမ်း အရသိရပါတယ်။
ဗီဇာကင်းလွတ်ခွင့် ပြင်ဆင်ထားတဲ့ နည်းဥပဒေတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခရီးသွားလာရေးအတွက် နိုင်ငံတော်အတွင်းသို့ ယာယီဝင်ရောက်တဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ခရီးသွားလာရေး စာရွက်စာတမ်း ကိုင်ဆောင်ထားသူတွေကို ဗီဇာလိုအပ်ချက်မှ ကင်းလွတ်ခွင့်ပြုပြီး ရက် ၃၀ ထက်မပိုဘဲ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံပေါင်း ၆၀ ရဲ့ စာရင်းကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
ဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ စတဲ့နိုင်ငံတွေပါဝင်ပါတယ်။
အဆိုပါနိုင်ငံတွေရဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ဗီဇာမလိုဘဲ ခရီးသွားလာရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ယာယီဝင်ရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆေးရှဲလ်စ်နှင့် မောရစ်ရှရပ်စ်နိုင်ငံသားတွေကတော့ ဗီဇာကင်းလွတ်ခွင့် ရရှိမှာဖြစ်ပေမဲ့ ထိုင်းနိုင်ငံမှာ ၁၅ ရက် ပဲနေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
စည်းမျဉ်းသစ်ဟာ တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်ပြီး ၁၅ ရက်အကြာ၊ စက်တင်ဘာ ၁၅ ရက်နေ့ စတင်အာဏာတည်မှာဖြစ်တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod











