DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး
DVB
·
April 29, 2015
နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ဖတ်ကာ - နမ့်ခမ်းသွားလမ်း ၁၂ မိုင်ကနေ မူဆယ်မြို့နယ် ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား ၂ ဦးကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ဟာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေထဲကို ၀င်ရောက်သွားတဲ့အတွက် လုံခြုံရေးအရ ခေါ်ယူစစ်ဆေးခဲ့တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ်ရဲမှူး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကိုင်သောင်းကျန်းသူတွေ လှုပ်ရှားတဲ့ နယ်မြေကိုရောက်သွားလို့ ပြည်သူ့စစ်အဖွဲ့ကနေ တွေ့ရှိခေါ်ဆောင်ခဲ့ပြီး ကျနော်တို့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါတယ်။ အဲဒီနယ်မြေမှာ တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတယ်။ နှစ်ဘက်ပစ်ခတ်တဲ့ကြားထဲ ရောက်သွားရင် အသက် အန္တရာယ်ရှိမှာစိုးလို့လေ။ တခြားနိုင်ငံသားတွေ တစုံတခု ဒုက္ခရောက်မှာစိုးလို့ သူတို့ဘယ်တွေ သွားခဲ့သလဲ၊ ဘာတွေလုပ်ခဲ့သလဲ စိစစ်တဲ့သဘောပါ။ အမေရိကန်နိုင်ငံသားတယောက်နဲ့ သြစတြီးယားနိုင်ငံသားတယောက်ပေါ့။ သူတို့မှာ တရားဝင်ဗီဇာပါတယ်၊ ပတ်စပို့ပါတယ်။ အခုတော့ ပြန်လွှတ်ပေး လိုက်ပါတယ်။ လ၀ကကို လွှဲပေးလိုက်ပါတယ်။ လ၀က က လားရှိုးကို လိုက်ပို့တယ်။ ကားငှားပြီး လမ်းစရိတ်တွေ ဘာတွေပါ ထောက်ပံ့ပေးလိုက်ပါတယ်။”

ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား ၂ ဦးကတော့ အမေရိကန် နိုင်ငံသား Mr.Nazaryan Khachaturn နဲ့ သြစတြီးယားနိုင်ငံသား Mr. Christian Johnnex Viets တို့ဖြစ်ပြီး သတင်းစုဆောင်းကာ တခြားသတင်းဌာနကို ပေးပို့ရောင်းချနေသူတွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိကာ ထိုင်းနိုင်ငံမှာ ဗီဇာတိုးပြီး ၀င်ထွက်သွားလာနေတာလို့ ပြည်နယ်ရဲ အရာရှိက ပြောပါတယ်။

အဆိုပါ နိုင်ငံခြားသား ၂ ဦးဟာ သွားလာဖို့ မိုင်းညီလေး လို့ခေါ်တဲ့ ပလောင်လူငယ်တဦးရဲ့ ပါဂျရိုကားကို ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်မှာ ကျည်ဆန် ၂၂ တောင့်နဲ့ စိတ်ကြွဆေးပြား ၄၀ ပြား တွေ့ရှိတဲ့အတွက် မိုင်းညီလေးကို မူးယစ်မှု၊ လက်နက်မှုနဲ့ အမှုဖွင့်ထားကြောင်း၊ သူဟာ တီအန်အယ်လ်အေ ပလောင်လက်နက်ကိုင်အဖွဲ့ဝင်လို့ သံသယရှိပြီး ဆက်လက်စစ်ဆေးနေကြောင်း၊ ဒါပေမယ့် မိုင်ညီလေးကတော့ ခုထိဝန်မခံသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ မူဆယ်ခရိုင်ထဲကို သွားလာခွင့်ရှိပေမယ့်လည်း အခုလို လက်နက်ကိုင်အဖွဲ့တွေရှိတဲ့နေရာ၊ တိုက်ပွဲဖြစ်တတ်တဲ့နေရာတွေကို ရှောင်ရှားသင့်ကြောင်း၊ မသွားမဖြစ် သွားလာမယ်ဆိုရင် ရဲစခန်းတွေ၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အရင် တွေ့ဆုံမေးမြန်းသင့်တယ်လို့ ပြည်နယ်ဒုရဲမှူးက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ အဆက်အသွယ်ရပြီး လိုအပ်တဲ့ အကူအညီတွေပေးနေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013