DVB Logo
Home
Lead Story
အာရှပစိဖိတ်ဒေသ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏…
DVB
·
April 29, 2015
အာရှပစိဖိတ်ဒေသ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏…
1 / 10
Donate to DVB

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် တနင်္လာနေ့က အမေရိကန်နိုင်ငံနဲ့ ဖိလစ်ပိုင် ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို မနီလာမြို့ရဲ့ အရှေ့မြောက်ပိုင်း ကွီဇုန်မြို့ ဆင်ခြေဖုံး အေဂွီနယ်ဒိုစခန်းမှာ ကျင်းပသွားခဲ့ပါတယ်။ အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လွန်ခဲ့တဲ့နှစ် ကာလတွေတုန်းကထက် အမေရိကန်နိုင်ငံဘက်ကရော ဖိလစ်ပိုင်နိုင်ငံဘက်ကပါ တပ်ဖွဲ့ဝင်တွေ ပိုပြီး ပါဝင်လာတာ တွေ့ရပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်ဘက်အရာရှိတွေဟာ မနီလာမြို့တော် စစ်ရုံးချုပ်မှာ တွေ့ဆုံခဲ့ပြီး အဲဒီ စစ်တပ်အရာရှိတွေက ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပိုပြီးကြီးမား ဆက်စပ် အစိတ်အပိုင်းတွေ များပြားလာတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၆၅၀၀ လောက် ပါဝင် စစ်ရေးလေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ လက်ထောက်ဒါရိုက်တာ ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီး ရိုဒေါလ်ဖို ကတော့ လွန်ခဲ့တဲ့ တခြားနှစ်တွေက လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာတော့ အများအားဖြင့် တပ်ဖွဲ့ဝင် ၆၀၀၀ ကနေ ၈၀၀၀ လောက်ပဲ ပါဝင်လေ့ကျင့်ခဲ့ကြတယ်လို့ မှတ်ချက်ပြုပါတယ်။

အမေရိကန်ဗိုလ်ချုပ်ကြီး ခရစ္စတိုဖား မာဟန်နီကလည်း ခု ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လွန်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေထက် ပိုပြီး ဆက်စပ် အစိတ်အပိုင်းတွေ ပါဝင်နေပြီး ကြည်းတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေကို ကုန်းပိုင်း၊ ရေပိုင်း ဆင်းသက်မှုတွေအတွက် အတူတကွ လေ့ကျင့်ပေးမှု လည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ဝင်တွေဟာ  ကျည်အစစ်နဲ့ ပစ်ခတ် လေ့ကျင့်မှု တွေမှာ ပါဝင်လေ့ကျင့်ကြမှာ ဖြစ်သလို အရေးပါတဲ့ စစ်ရေးသတင်းအချက်အလက်တွေ ရယူမှု ကိုလည်း လေ့ကျင့်ကြရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီနှစ်ဟာ နှစ်နိုင်ငံကြား ကာကွယ်ရေးသဘောတူညီမှုသစ်ကို စတင်တဲ့နှစ်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီ အမေရိကန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တောင်အာရှဒေသမှာ အငြင်းပွားနေတဲ့ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် အမေရိကန်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို ပြသတာလို့လည်း ပြောနိုင်ပါတယ်။

အမေရိကန်က ထုတ်ဝေလိုက်တဲ့အစီရင်ခံစာသစ်မှာ တရုတ်ရဲ့ ရေတပ်အင်အား တိုးချဲ့နေမှုနဲ့ တောင်တရုတ်ပင်လယ်အတွင်းက နယ်မြေ ပြန်လည်တောင်းဆိုမှုတွေကိုလည်း အားထုတ်ဆောင်ရွက်လာနေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးကတော့  တခြားနိုင်ငံတွေက တောင်းဆိုနေကြတဲ့ ကျွန်းတွေနားမှာ သဲတွေ အကြီးအကျယ်ချထား တည်ဆောက် ကာကွယ်လာတာတွေ လုပ်ဆောင်နေတာကို သတိပေးခဲ့ပါတယ်။

တရုတ်ကတော့ သူရဲ့ လုပ်ဆောင်မှု တွေဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ တုံ့ပြန်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံက စပရက်တလေကျွန်းနဲ့ ခီနန်း သန္တာကျောက်တန်းတွေမှာ မြေဆယ်တင်မှုတွေ လုပ်ဆောင်လာသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနဲ့ ထိုင်ဝမ်ကလည်း တောင်တရုတ်ပင်လယ် ဒေသအတွင်း နယ်မြေပိုင်နက် တောင်းဆိုမှု တွေရှိနေပါတယ်။

မကြာသေးခင်ကပဲ တရုတ်နိုင်ငံက စပရက်တလေကျွန်းဒေသမှာရှိတဲ့ အငြင်းပွားနေတဲ့ သန္တာကျောက်တန်း ၇ ခုကို ထိန်းချုပ်ဖို့ စတင်ကြိုးစားလာမှုတွေ လုပ်ဆောင်လာတာတွေ့ ရပါတယ်။ အဲဒီသန္တာကျောက်တန်းတွေကို ဖိလစ်ပိုင်ကလည်း တောင်းဆိုနေပါတယ်။

ပူးတွဲစစ်ရေး လေ့ကျင့်မှု မစတင်ခင်လေးမှာပဲ ဖိလစ်ပိုင်လက်နက်ကိုင်တပ်တွေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရီယို ပီယို ကက်တာပေါင်က အဲဒီအငြင်းပွားနေတဲ့ဒေသ ဓာတ်ပုံတွေကို ထုတ်ပြန်ပေးခဲ့ပြီး “အဲဒီ လှုပ်ရှားမှုတွေဟာ ကျနော်တို့ ရေလုပ်သားတွေရဲ့ လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေ၊ ကျန်ာတို့ရဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်စေသလို ကျနော်တို့ ရေတပ်ရဲ့လှုပ်ရှားမှုတွေကိုလည်း တကယ့်ကို ထိခိုက်လာစေနိုင်တယ်ဗျ”လို့ ပြောခဲ့ပါတယ်။

ဒါတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ခဲ့တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဘာလို့ အင်အား ပိုပြီးသုံး ဆက်စပ်လှုပ်ရှားမှုတွေ ပိုပြီး ဘာလို့ ထည့်သွင်းလာရတယ်ဆိုတာအတွက် တကယ့်လက်တွေ့ ဖြစ်နိုင်ခြေတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာဟာ ပူးတွဲပြုလုပ်တဲ့ နိုင်ငံတွေ အားလုံးရဲ့အကျိုးစီးပွားပါပဲ။

ဥပမာ - အာရှပစိဖိတ်ဒေသမှာ အကြီးဆုံးနိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးဖြစ်တဲ့ ကော်ဘရာဂိုလ်း (Cobra Gold)ဟာ အမေရိကန်နဲ့ ထိုင်း စစ်ရေးဆက်ဆံရေးရဲ့ တကယ့် အဖိုးထိုက်တန် တန်ဖိုးထားတဲ့အရာ ထိုင်းလက်နက်ကိုင်တပ်တွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးနေတဲ့အရာလည်း ဖြစ်ပါတယ်။ ဒါသာမကပဲ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ စစ်မြေပြင်လေ့ကျင့်မှု၊ နိုင်ငံစုံတပ်ဖွဲ့ စီမံချက် ချမှတ်ဆောင်ရွက်မှု လေ့ကျင့်ခန်းနဲ့ လူသားချင်းစာနာထောက်ထားမှု ဒါမှမဟုတ် ကပ်ဘေးကယ်ဆယ်ရေးတွေ ပါဝင်နေတဲ့အတွက် ပါဝင်လေ့ကျင့်ရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ နိုင်ငံအတွက် အများကြီး အကျိုးရှိစေပါတယ်။

စီမံချက် ချမှတ်မှု  လေ့ကျင့်ခန်းမှာဆိုရင် ပါဝင်တဲ့ နိုင်ငံစုံတပ်ဖွဲ့က အရာရှိတွေဟာ ကွန်ပျူတာကနေ သဏ္ဌာန်လုပ် သရုပ်ဆောင် လှုပ်ရှားလေ့ကျင့်ရတဲ့အတွက် တချို့ လူသားချင်းစာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ စစ်ဆင်ရေးပုံစံတွေကို အသား ကျ လုပ်ဆောင်တတ်လာကြပါတယ်။

အဲဒီ ပူးတွဲလေ့ကျင့်မှုရဲ့ တန်ဖိုးကို မကြာခင်က ပျက်ကျသွားခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း အမှတ် ၃၇၀ ရှာဖွေမှုမှာ ဒေသတ၀ှမ်း ရှာဖွေမှုကို နိုင်ငံစုံတပ်ဖွဲ့တွေ စနစ်တကျ ဆောင်ရွက်နိုင်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

၂၀၁၄ ခုနှစ် ပူးတွဲလေ့ကျင့်မှုမှာ အမေရိကန်အပါအ၀င်နိုင်ငံ ၆ နိုင်ငံက ဆေးတပ်ဖွဲ့ဝင် ၈၀ က အခြေခံဆေးပညာ၊ ကလေးကုသမှု၊ သွားဘက်ဆိုင်ရာ၊ မျက်စိစမ်းသပ်မှု၊ တိရိစ္ဆာန်ကုသမှု နဲ့ ဆေးဝါးဘက်ဆိုင်ရာ ပညာရပ်တွေကို ထိုင်းလူမျိုးတွေကို လေ့ကျင့်သင်ကြားပေးခဲ့ တွေ့ရပါတယ်။ ဒီအပြင်မှာ အရေးကြီးတဲ့ လိုအပ်မှုရှိတဲ့နေရာတွေမှာ အင်ဂျင်နီယာရင်းစီမံကိန်း ၈ ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။

ပြောချင်တာကတော့ ဒီလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုမျိုးဟာ စစ်သားတွေကိုသာ မဟုတ်ဘဲ လက်ခံ ကျင်းပခွင့်ရတဲ့နိုင်ငံက ပြည်သူလူထုအတွက်ပါ အတိုင်းအတာတခုထိ  အကျိုး ရှိစေခဲ့တယ် ဆိုတာပါ။

အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို လက်ခံကျင်းပခွင့်ရနေတဲ့ ထိုင်းနိုင်ငံ မှာ၂၀၁၄ ခုနှစ် မေ၂၂ ရက်မှာ အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့အတွက် အမေရိကန်က အဲဒါကို ကန့်ကွက်တဲ့အနေနဲ့ သူ ၂၀၁၄ ခုနှစ်အတွက် ထိုင်းစစ်တပ်ကို ထောက်ပံ့ဖို့ လျာထားတဲ့ စစ်ဘက်ဆိုင်ရာအကူအညီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၅ သန်း ဖြတ်တောက်ပစ် လိုက်ပါတယ်။ ကော်ဘရာ ဂိုလ်း ပူးတွဲ စစ်ရေးလေကျင့်မှုကြီးကိုလည်း နေရာရွှေ့ပြောင်းလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆင့်လျော့ချ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး လူသိရှင်ကြားလည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအတွက် ထိုင်းနိုင်ငံဟာ သူ ပုံမှန်ရှိနေတဲ့ အကျိုးစီးပွား အတော်များများ ဆုံးရှုံးသွားခဲ့ရပြီး အမေရိကန်နိုင်ငံအနေနဲ့ကတော့ သူအတွက် အရေးကြီးတဲ့ အမေရိကန် နိုင်ငံဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို အလေးပေးတယ်ဆိုတဲ့အချက်ကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားတဲ့အကျိုးကို ရရှိသွားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုမျိုး အမေရိကန်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ချင်တဲ့ နိုင်ငံတွေ အများကြီး ရှိနေပါတယ်။ အကျိုးစီးပွားအရပါ။ အမေရိကန်ကလည်း သူရဲ့ မဟာဗျူဟာ အကျိုးစီးပွားအရ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို သူရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ လုပ်ဆောင်နေပါတယ်။

ဒီကနေ့ ကျနော်တို့ နိုင်ငံရဲ့ စစ်အရေခွံလဲအစိုးရကလည်း အမေရိကန် ပေးလာမယ့် စစ်ရေးအကူအညီတွေကို မျှော်လင့်နေတဲ့အချိန်ဖြစ်လို့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အထိလည်း အကျိုးစီးပွားအရ မျှော်လင့်နေမယ်ဆိုတာ သေချာပါတယ်။ ၂၀၁၄ ခုနှစ် ကော်ဘရာဂိုးလ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာတုန်းကတော့ မြန်မာစစ်ဗိုလ်တွေ လေ့လာသူ အဖြစ် တက်ရောက်ခွင့် ရလာခဲ့ပါပြီ။ တရုတ်ကတော့ ၂၀၁၃ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် တခြားအမေရိကန်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ အာဆီယံဒေသက ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံကက ပြည်သူလူထုတွေ အတော်အတန် အကျိုးစီးပွား ရရှိခံစားရသလို ကျနော်တို့နိုင်ငံက ပြည်သူလူထုတွေဆီကို ဒီအကျိုးစီးပွားတွေ စီးဆင်းလာဖို့ကတော့ သိပ်မျှော်လင့်စရာ မရှိပါလှပါဘူး။ ဘာလို့ဆိုတော့ ကျနော်တို့နိုင်ငံက စစ်အရေခွံလဲအစိုးရဟာ ခုချိန်ထိ သူတို့ စစ်အုပ်စုတွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပြီး ဘယ်သူသေသေ ငတေမာပြီးရော လုပ်နေဆဲ ဖြစ်တာကို တွေ့နေရဆဲ ဖြစ်တဲ့အတွက်ပါပဲ။       ။

ဓာတ်ပုံ - ရိုက်တာ

[gallery ids="90915,90916,90917,90918,90919,90920,90921,90922,90924"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013