
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ဒေသခံ အမျိုးသမီး ၂ ယောက် အပါအဝင် ၃ ယောက် ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂၅ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဒရုန်း ၂ စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တယောက် အပါအဝင် အရပ်သား ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
ဒဏ်ရာရသွားသူတွေကတော့ ကြတ္တိန်ရွာနေ အသက် ၃၉ နှစ်အရွယ် ဦးမောင်မြအေး၊ အသက် ၁၇ နှစ်အရွယ် မဖြူလှဝင်းနဲ့ စစ်ရှောင်နေတဲ့ လိပ်ပြင်ဒွိန်ရွာက အသက် ၃၇ နှစ်အရွယ် ဒေါ်မလုံးတို့ ဖြစ်ပါတယ်။
ဦးမောင်မြအေးမှာ ညာဘက်ခြေသလုံး၊ မဖြူလှဝင်းမှာ ညာဘက်ပေါင်နဲ့ ဒေါ်မလုံးကတော့ ဘယ်ဘက်လက် ဒဏ်ရာရခဲ့လို့ အာရက္ခတော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနက အရေးပေါ် ဆေးကုသနေတယ်လို့ မြေပြင်စစ်ရေးနီးစပ်သူက ပြောပါတယ်။
“ဒဏ်ရာရသွားတဲ့လူတွေကို အရေးပေါ် ကျန်းမာရေးဌာနကတော့ ဆေးကုသမှု ပေးထားတယ်၊ စစ်ဖြစ်လာပြီဆို ကျေးရွာတွေပဲ တိုက်ခိုက်တယ်။”
မတ် ၂၃ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို ဒရုန်း ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၄ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားပြီး လူနေအိမ်နဲ့ ဆိုင်ခန်း ၆ ခုထက်မနည်း မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ ၃ ရက်ကြာတဲ့အထိ နေ့ရောညပါ အပြန်အလှန် တိုက်ပွဲပြင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေအထိ စစ်နယ်ကျွံလာတာကြောင့် မတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ တိုက်ပွဲတွေ နေ့ရောညပါ ပြင်းထန်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်ကပဲ ထိုးစစ်ဆင်တာ။ AA ထိန်းချုပ်တဲ့ နယ်မြေတွေထိ ထိုးဖောက်ချင်နေကြလို့ တိုက်နေတာ၊ ၃ ရက်ရှိပြီ။ နေ့ရောညပါဖြစ်နေတာ။”
အခုလို တိုက်ပွဲတွေပြင်းနေပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် ကြည်း၊ ရေ၊ လေ စတဲ့ ဘက်ပေါင်းစုံကနေ လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ရှောင် ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“Navy ကလည်း ကမ်းစပ်နားက ရွာတွေကို လှမ်းပစ်တယ်။ ဒရုန်းကလည်း တိုက်ပွဲဧရိယာဝန်းကျင်နဲ့ ရွာတွေကို ပစ်တယ်။ လက်နက်အထိုင်ချထားတဲ့ နေရာကလည်း ပစ်လို့ တနေရာကနေ တနေရာ ပြေးနေရတယ်။”
စစ်ကောင်စီဟာ သိုင်းချောင်းနဲ့ မင်းပြင်ဝန်းကျင်က AA ထိန်းချုပ်တဲ့ နေရာတွေကို စစ်ကြောင်းတွေ ထိုးလာတာကြောင့် အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြေပြင်အခြေအနေအရ စစ်ကောင်စီဘက်က အထိနာ ကျဆုံးမှုများနေပေမဲ့ နောက်မဆုတ်ဘဲ လက်နက်ပစ်ကူအားကိုးနဲ့ AA ကို ခုခံနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမှာ အာရက္ခတပ်တော် ထိန်းချုပ်နေရာတွေကို စစ်ကောင်စီတပ်က အခုမတ်လအတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီစစ်ကြောင်းတချို့ အကျဆုံးများနေတာကြောင့် စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ဒေသခံကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လာနေပါတယ်။











