
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း ဘူကာဗူးမြို့ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တခုမှာ စက်တင်ဘာ ၁၀ ရက်က ပြင်းထန်တဲ့ မီးလောင်မှုအတွင်း အနည်းဆုံး ကလေး ၂၄ ယောက် သေဆုံးခဲ့တယ်လို့ ဘူကာဗူးမြို့ကို ထိန်းချုပ်ထားတဲ့ AFC/M23 အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ မိန်းကလေး ၁၉ ယောက်နဲ့ ယောက်ျားလေး ၅ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၁ ရက်က ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာ မီးလောင်မှု မဖြစ်ပွားခင်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်း ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို နှိုင်းယှဉ်ပြသထားပြီး မီးလောင်မှု ကြောင့် စာသင်ကျောင်း နှစ်ကျောင်းနဲ့ ပျဉ်ထောင်အိမ် ၃၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။
ကျောင်းဖွင့်ချိန် ကလေးတွေ စာသင်ကျောင်းကို ရောက်ရှိလာချိန်မှာ မီးစတင် လောင်ကျွမ်း ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒေသခံတွေ မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတုန်းမှာပဲ လူနာတင်ယာဉ်တွေ ရောက်ရှိလာပြီး သေဆုံးသူ တွေနဲ့ ဒဏ်ရာရရှိသူတွေကို မီးလောင်မှုဖြစ်ပွားရာနေရာကနေ သယ်ထုတ်ပေးခဲ့ကြပါတယ်။
လူ ၂၉ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၂၁ ယောက်က အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူ နေရတယ်လို့ AFC/M23 အာဏာပိုင်တွေက ပြောဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
မီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ အသုဘအခမ်းအနားကိုတော့ စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
Source: Reuters











