
ဘရာဇီးရဲတပ်ဖွဲ့က ဗင်နီဇွဲလားအခြေစိုက် ထရန်းဒီအာရဂွါ ဒုစရိုက်ဂိုဏ်းရဲ့ ငွေကြေးဆိုင်ရာ စီမံလည်ပတ်သူလို့ ယူဆရသူတယောက်ကို ဇွန် ၁၆ ရက်က ရီယိုဒီဂျနေးရိုးမြို့ရဲ့ ဂါလီယို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးလိုက်တယ်လို့ အရပ်ဘက်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရီယိုမြို့မြောက်ပိုင်းမှာ အဲဒီလူကို ရဲတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုဖိုင်ကိုလည်း အရပ်ဘက် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူဟာ နိုင်ငံဖြတ်ကျော် ဒုစရိုက်ဂိုဏ်းအတွက် တရားမဝင်ငွေတွေကို ခဝါချပေးနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ခရစ်ပတိုငွေကြေးပိုင်ဆိုင်မှု ဘရာဇီးငွေကြေး (ဟေးအိုက်စ်) သန်း ၃၀၀ ကျော် ဖလှယ်လှည့်ပတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် သူဟာ ထရန်းဒီအာရဂွါဂိုဏ်းဝင်တွေနဲ့ ဘရာဇီးနိုင်ငံက ကိုမန်းဒိုး ဗဲလ်မေယို ဒုစရိုက်ဂိုဏ်းတို့ကြား ချိတ်ဆက်ပေးသူအဖြစ် လှုပ်ရှားခဲ့တယ်လို့လည်း သိရပါတယ်။
ထရန်းဒီအာရဂွါဂိုဏ်းဟာ ဗင်နီဇွဲလားနိုင်ငံမှာ စတင်အခြေတည်ခဲ့တာဖြစ်ပြီး အခုဆိုရင် လက်တင်အမေရိကနိုင်ငံ အတော်များများအထိ နယ်မြေချဲ့ထွင်လာတာကြောင့် ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ဒုစရိုက်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အထူးအာရုံစိုက် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ဂိုဏ်းလည်း ဖြစ်ပါတယ်။
Source: Reuters










