DVB Logo
Home
မြန်မာသတင်း
ကော့တောင်ကျွန်းမှ မြန်မာများ အလုပ်သမားအခွင့်အရေး တောင်းဆို
DVB
·
April 28, 2015
ကော့တောင်ကျွန်းမှ မြန်မာများ အလုပ်သမားအခွင့်အရေး တောင်းဆို
1 / 5
Donate to DVB

မြန်မာနိုင်ငံသားနှစ်ဦး လူသတ်တရားခံအဖြစ် တရားစွဲခံရပြီး လူသိများတဲ့ ထိုင်းတောင်ပိုင်း  ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်းခေါ် ကော့တောင်ကျွန်းမှာ မြန်မာတွေက ပထမဆုံးအကြိမ်  အလုပ်သမားအခွင့်အရေးဆွေးနွေးပွဲကျင်းပပြီး သူတို့လိုလားချက်တွေကို ထိုင်းအာဏာပိုင်တွေ ထံ တောင်းဆိုကြပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက် ၈ ချက်ကတော့ လုပ်အားခပုံမှန်ရရေး၊  ကော့တောင်ကျွန်း ပေါ်မှာ ပတ်စပို့ရုံးနဲ့  သက်တမ်းတိုးတဲ့ရုံးဖွင့်ပေးရေး၊ အာဏာပိုင်နဲ့ ထိုင်းရဲတွေက ဥပဒေဘောင်ကနေကျော်လွန်ဆောင်ရွက်နေတာကို တားမြစ်ပေးဖို့၊ နားရက်၊ နားချိန်၊ အချိန်ပိုကြေး စတာတွေကို စည်းကမ်းနဲ့အညီဆောင်ရွက်ဖို့၊ ပတ်စပို့နဲ့ အလုပ်သမားကတ် အစစ်ကို မိမိလက်မှာ ထားရှိကိုင်ဆောင်ရဖို့၊ အလုပ်ရှင်အနေနဲ့ မိမိအလုပ်သမားအပေါ် အပြည့်အ၀တာဝန်ယူပေးဖို့၊ ပတ်စပို့နဲ့ အလုပ်သမားကတ်ရှိလျက်နဲ့ ပန်းရောင်ကတ် ထပ်လုပ်ခိုင်းနေတဲ့ကိစ္စ တားမြစ်ပေးဖို့၊ အလုပ်သမားတွေ အမှုအခင်းကြုံလာရင် တရားမျှတစွာ ဆောင်ရွက်ပေးဖို့ တွေဖြစ်ပါတယ်။

ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ဦးစီးဆောင်ရွက်တဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး   ဖောင်ဒေးရှင်းက အတိုင်ပင်ခံ မစ္စတာ အန်ဒီဟောလ်က“ ကော့တောင်လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ကူညီရင်း ဒီဒေသကို ကျနော်တို့ မကြာမကြာ ရောက်ခဲ့တယ်။ နိုင်ငံခြားခရီးသွားဧည့်သည်တွေ အရောက်များတဲ့ ဒီကျွန်းပေါ်က အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿ   နာအခက်အခဲတွေ ပိုသိလာပါတယ်။ သူတို့ပြဿ နာ အခက်အခဲတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေပါ သိရှိနားလည်ပြီး ပူးပေါင်းဖြေရှင်းနိုင်ဖို့ အခုလိုဆွေးနွေးပွဲ ကျင်းပရတာပါ။ ဒီနေ့အစီအစဉ်မှာ ပထမပိုင်း သူတို့ လိုလားချက်၊ အခက်အခဲပြဿ     နာတွေ အကြောင်း ဆွေးနွေးပြီး သက်ဆိုင်ရာက ဆောင်ရွက် ပေးစေလိုတဲ့ အချက်တွေကို  တောင်းဆိုခဲ့ကြပါတယ်။”

အဲဒီတောင်းဆိုချက်တွေကို ကော့တောင်ကျွန်း မြူနီစီပယ်ဥက္ကဋ္ဌ၊ တိုက်ပိုင်သူကြီးနဲ့ တိုက်သူကြီး လက်ထောက်တွေကို ပေးအပ်ခဲ့ရာမှာ  သူတို့က လူမှုကွန်ရက်အဖွဲ့တွေ ဆောင်ရွက်မှုကို ကြိုဆိုကြောင်း၊ တောင်းဆိုချက်တွေကို သူတို့အနေနဲ့ လက်ရှိ ဆောင်ရွက်ပေးနေပြီး နောက်နောင်လည်း အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကတိပြုသွားကြောင်း ဦးစီးဆောင်ရွက်သူ အမည်မဖော်လိုတဲ့ မြန်မာတဦးက ပြောပါတယ်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်သူ ကော့တောင်ကျွန်းက မြန်မာလူမှု ကူညီရေးအဖွဲ့ဝင်တစ်ဦးကလည်း သူ့ရဲ့အမြင်ကို ခုလိုပြော ပါတယ်။

“အခုလိုအလုပ်သမားကွန်ရက်အဖွဲ့တွေ ရောက်လာခြင်းအားဖြင့် အလုပ်သမားနစ်နာမှုတွေ အခွင့်အရေးပိုင်းတွေအတွက် အများကြီး အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ အရင်ကဆို ဒီကျွန်းက ကျနော်တို့အလုပ်သမားတွေကြား အကြောက်တရားတွေ ဖုံးလွှမ်းနေတယ်။ ကိုယ့်မှာဘာတွေရသင့်ရထိုက်လဲဆိုတာမသိဘူး။ တောင်းလဲမတောင်းရဲဘူး၊ အခုတော့ မနေ့ညက ကျွန်းသူကြီးကိုယ်တိုင် ရောက်လာတယ်။ ဒီဆွေးနွေးပွဲအတွက် လမ်းဖွင့်ပေး ခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့ဘဲ လာရဲတာပေါ့၊ ဒီနေ့ ဆွေးနွေးပွဲကို အလုပ်သမား တစ်ရာလောက်လာ ပါတယ်ခင်ဗျ။”

ဒါပေမယ့် ဆွေးနွေးပွဲလာရင် အန္တရာယ်ရှိမယ်လို့ ထင်သူတွေလည်း အများကြီးရှိနေကြောင်း၊  ဒါကြောင့် ကျွန်းပေါ်က အလုပ်သမားတွေ ပိုမိုသဘောပေါက်နားလည်လာဖို့ ဆွေးနွေးပွဲတွေ ဆက်ကျင်းပမယ်လို့ သူက ဆက်ပြောပါတယ်။

တခြားအလုပ်သမားတစ်ဦးကလည်း “အစတုန်းက ဒီလိုဆွေးနွေးပွဲတက်ဖို့ မရဲဘူးဗျ။ ဒီလို အဖွဲ့အစည်းတွေရောက်လာတဲနောက်ပိုင်း ကျနော်တို့ နားလည်လာတယ်။ ကိုယ့် အခက်အခဲတွေကို ပြောရဲဆိုရဲရှိဖို့  ကျနော်တို့လည်း တခြားအလုပ်သမားတွေကို နားလည်အောင်လိုက်ပြောတယ်။ ဒီဆွေးနွေးပွဲမတိုင်ခင်က အဖွဲ့က ထုတ်တဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်။ အလုပ်သမားအခွင့် အရေးတွေ ဥပဒေတွေကို ကျနော်တို့လည်းသိ၊ အာဏာပိုင်တွေကလည်း သိပြီး လိုက်လုပ်တယ်ဆိုရင် ဒီကျွန်းက ကျနော်တို့အတွက် နေလို့ကောင်းလာမယ်ထင်ပါတယ်။”

မနေ့ကနဲ့ ဒီကနေ့   ၂ ရက်ဆက်တိုက် ကျင်းပတဲ့ ကော့တောင်ကျွန်းရှိ ရွှေ့ပြောင်းအလုပ်သ မားများရေးရာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပွဲကို ရွှေ့ပြောင်း အလုပ်သမားအခွင့်အ ရေးကွန်ရက်အဖွဲ့ MWRN နဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း HRDF တို့  ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ် ။

ကော့တောင်ကျွန်းမှာ မနှစ်စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ခရီးသွားဧည့်သည် ၂ ဦး  ကမ်းခြေမှာ အသတ်ခံခဲ့ရပြီး ရာနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ ဒီအန်အေ (မျိုးဗီဇ) စစ်ဆေးခံခဲ့ရပါတယ်။ အသက် ၂၀ ကျော်အရွယ် မြန်မာအလုပ်သမား လူငယ် ၂ ဦးကို တရားခံအဖြစ် တရားစွဲဆိုထားပြီး မကြာခင် ရုံးတင်စစ်ဆေးဖို့ရှိပါတယ်။

ကော့တောင်ကျွန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၄ ထောင်ကျော်  လုပ်ကိုင် နေပြီး အများစုကတော့ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ဖြစ်တယ်လို့  ကော့တောင်ကျွန်း လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

[gallery ids="90838,90839,90840,90841,90842"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013