DVB Logo
Home
Lead Story
နိုင်ငံရေးသမား
DVB
·
April 28, 2015
နိုင်ငံရေးသမား
Donate to DVB

အမေရိကန် ပြည်ထောင်စု၏သမိုင်းတွင် ထင်ရှားသော နိုင်ငံရေးသမားများရှိ၏။ ဗြိတိသျှနယ်ချဲ့သမားများ လက်အောက်မှ တော်လှန်တိုက်ခိုက်ရာတွင် အမေရိကန်ပြည်သူများကို ဦးဆောင်ခဲ့သော ဂျော့ဝါရှင်တန် မှာ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးဖခင်ကြီးအဖြစ် အမေရိကန်ပြည်သူများက ယုံကြည်ကြသည်။ နောက် သစ်ခုတ်သမားဘဝမှ ရှေ့နေ၊ နောက် ဆီးနိတ်လွှတ်တော်အမတ်၊ နောက်သမ္မတကြီးဖြစ်လာသော အေဘရာဟမ် လင်ကွန်းတို့ ရှိကြ၏၊ လင်ကွန်းသည် အသားအရောင်ခွဲခြားမှုကို ယုံကြည်သော အစွန်းရောက်မားတစ်ဦး၏ လုပ်ကြံ မှုဖြင့် ကွယ်လွန်ခဲ့ရပါသည်။ သူသည် အမေရိကန်သမိုင်းတွင် လူဖြူ၊ လူမည်းအသားအရောင်ခွဲခြားမှုအား အမြစ် ဖြုတ်ခဲ့သော သမ္မတကြီးတစ်ဦးအဖြစ် ထင်ရှားခဲ့သော နိုင်ငံရေးသမားကြီး တစ်ဦးလည်းဖြစ်ပါသည်။

အမေရိကန်သမ္မတများတွင် စံထားထိုက်သော နိုင်ငံရေးသမားတစ်ဦးမှာ ဖရန်ကလင်ဒီလာနိုရုစဗဲ့ ဖြစ်၏။ သူသည် သမ္မတသက်တမ်းလေးကြိမ်တိုင်တိုင် အရွေးခံရသူလည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ အနိမ့် ဆုံးအထိ ကျဆင်းနေသော စီးပွားရေးကို ပြန်ဆွဲတင်နိုင်ခဲ့သလို အမေရိကန်တပ်မတော်ကို  ဒုတိယကမ္ဘာစစ်ကြီးတွင် အနိုင်တိုက်နိုင်အောင် စွမ်းဆောင်ခဲ့၏။ အမေရိကန်ကို ကြီးမားချမ်းသာသော နိုင်ငံအဖြစ် စွမ်းဆောင်နိုင်ခဲ့သလို လွတ်လပ်သော ဒေသကြီးအဖြစ် အမေရိကန်နိုင်ငံကို ဖန်တီးခဲ့ပါသည်။ သူ၏ သမာသမတ်ကျမှု၊ ရဲရင့်သော ခေါင်းဆောင်မှု၊ လိမ္မာပါးနပ်သော နိုင်ငံရေး ပရိယာယ်တို့ကြောင့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အင်အားကြီး သော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့၏။ ရုစဗဲ့သည် ပြည်တွင်းပြည်ပ၌ ဒီမိုကရေစီကို အာမခံချက်ပေးနိုင်သလို ကမ္ဘာတစ်ခုလုံး တွင် ရှိသော အကြီးကျယ်ဆုံးခေါင်းဆောင်များအနက် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သော နိုင်ငံရေးသမားကြီး တစ်ဦးလည်း ဖြစ်ပေသည်။

နောက်ထပ် ကျွန်တော်တို့စံပြုရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှာ မိုဟန်ဒတ်ခ်ျကရမ်ချန် ဂန္ဒီ ဖြစ်ပါသည်။ သူသည် ကမ္ဘာတွင်အကြမ်းမဖက်ရေးလမ်းစဉ်ကို ဦးဆောင်ပြီး လွတ်လပ်ရေးရအောင် အနစ်နာခံခဲ့ သည့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးမြတ်ဆုံးသော နိုင်ငံရေးသမားကြီး တစ်ဦးလည်း ဖြစ်ပေသည်။ သူက အကြမ်းမဖက်ရေး Nonviolence လမ်းစဉ်ကို အကောင်အထည် ဖော်ခဲ့၏။ ထို လမ်းစဉ်ကို သူသည် ရုရှားစာရေးဆရာကြီ တော်စထရွိုင်းထံမှ ရရှိခဲ့ပါသည်။ တော်စထရွိုင်းနှင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရသော်လည်း စာအဆက်အသွယ်ရှိပြီး တော်စထရွိုင်း၏ အကြမ်းမဖက်မှု အယူဝါဒကို ယုံကြည်ကာ ဂန္ဒီက လက်တွေ့ကျင့်သုံးခဲ့လေသည်။ ဂန္ဒီကို မဟတ္တမဟုလည်း ခေါ်ကြလေသည်။ အဓိပ္ပါယ်မှာ `မဟာစိတ်ဓာတ်​​` ဟု အဓိပ္ပါယ်ရလေသည်။ အိန္ဒိယအမျိုးသားကွန်ဂရက် နိုင်ငံရေးသမားများတွင် သူသည် ထိပ်ဆုံးမှနေ၍ အိန္ဒိယပြည်သူ များကို ဦးဆောင်ခဲ့သည်။ သူကအုပ်ချုပ်နေသော ဗြိတိသျှအစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းအား ဆန့်ကျင် သည်။ သူ၏အဓိက တိုက်ပွဲမှာ သပိတ်မှောက်ခြင်း၊ ကျူးကျော်သူနယ်ချဲ့အစိုးရနှင့် ပူးပေါင်းပါဝင်မှုမရှိခြင်း၊ တန်းစီ လှည့်လည်ကာ လိုချင်သည်ကို တောင်းဆိုခြင်းများဖြင့် လွတ်လပ်ရေးကို ရအောင်ယူခဲ့သည်။ ထို့အပြင် အင်္ဂလန်မှ လာသော ဗြိတိသျှတို့၏ အဝတ်အထည်များ၊ ပိတ်စများကို မဝတ်ဘဲဆန့်ကျင်၍ သပိတ်မှောက်ခဲ့သည်။ ဗြိတိသျှနယ် ချဲ့သမား၏ လက်ဝါးကြီးအုပ်ထားမှုနှင့် ပြည်သူလူထု၏ အခွင့်အရေးများကို ပိတ်ပင်မှုအား ဆန့်ကျင်ခြင်းဖြင့် လူထု ခြေကျင်လမ်းလျှောက်ပွဲကြီးကို ဆင်နွှဲခဲ့၏။ မိုင်ပေါင်း ၂၅ဝ (ကီလိုမီတာ ၄ဝဝ) ကို ဂန္ဒီဦးဆောင်၍ ခြေကျင်လမ်း လျှောက်ခဲ့ပါသည်။ သူနှင့်အတူ အိန္ဒိယပြည်သူထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါသည်။ ဗြိတိသျှနယ်ချဲ့သမားကို ရဲရဲ ရင့်ရင့် ရင်ဆိုင်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးတောင်းဆိုခဲ့ရုံမက အိန္ဒိယနိုင်ငံတွင်  အဆိုးဝါးဆုံးဖြစ်သော ဇာတ်ခွဲခြားမှု ကိုလည်း ဂန္ဒီက တိုက်ဖျက်ခဲ့၏။ အိန္ဒိယတွင် ဇာတ်နိမ့်၊ ဇာတ်မြင့်ပြဿနာမှာ အလွန်ကြီးကျယ်လှ၏။ ရှေးနှစ်ပေါင်း များစွာကတည်းကသတ်မှတ်ခဲ့သော ဓလေ့ထုံစံဟောင်း တစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် ဟိန္ဒူ၊ မူဆလင်ခွဲခြားမှု ကား အဆိုးဝါးဆုံးဖြစ်လေသည်။ နှစ်စဉ် ဟိန္ဒူ၊ မူဆလင်သတ်ဖြတ်မှုများကြောင့် အိန္ဒိယပြည်သူ ထောင်နှင့် သောင်း နှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ ဂန္ဒီက ထိုသို့ ဟိန္ဒူ၊ မူဆလင် အဓိကရုဏ်းများ ရပ်တန့်ရန် အစာမစားဘဲ အငတ်ခံ ဆန္ဒပြခဲ့၏။ အိန္ဒိယပြည်သူအချင်းချင်း ဤသို့သတ်ဖြတ်နေလျှင် သူလည်း အစာမစားဘဲ အသေခံမည်ဟု ကြေညာ ခဲ့သဖြင့် ဟိန္ဒူ၊ မူဆလင်တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေးအများဆုံး၊ ဆင်းရဲမှု အများဆုံး၊ ဆင်းရဲချမ်းသာကွာဟမှုအကြီးဆုံး၊ ဗိုလ်ကျမှုအများဆုံးရှိသော နိုင်ငံကြီးကို တစည်းတလုံးတည်းဖြစ် အောင် စည်းရုံး၍ လွတ်လပ်ရေးရအောင် ခေါင်းဆောင်နိုင်ခဲ့သူမှာ ဂန္ဒီသာဖြစ်သည်။ သူသည်အလွန်ကြီးကျယ်သော နိုင်ငံရေးသမားကြီးတစ်ဦးလည်း ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးလောကတွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စာရေးဆရာဘဝထက် နိုင်ငံရေးသမားဘဝကို ခုံမင်ခဲ့သူ တစ်ဦးမှာ သခင်သိန်းဖေခေါ် စာရေးဆရာသိန်းဖေမြင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သလို နိုင်ငံရေး၊ စာပေ၊ သတင်းစာလောက တို့တွင် ထင်ရှားပြီး သြဇာကြီးမားသူလည်း ဖြစ်လေသည်။ ကျောင်းသားဘဝကတည်းက လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သလို ဗြိတိသျှနယ်ချဲ့သမားကို ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ၌ အိန္ဒိယနိင်ငံသို့သွားကာ ဗြိတိသျှတို့နှင့် အတူ ပြည်တွင်းမှ ဖက်ဆစ်တော်လှန်ရေးသမားများ အဆက်အသွယ်ရ အောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ နောင် စစ်ပြီးစတွင် သူသည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ သည်။ သခင်သိန်းဖေသည် အလွန်စာရေးကောင်းသော စာရေးဆရာကြီးတစ်ဦး ဖြစ်ခဲ့ပါသည်။ သူ၏ ‘တက်ဘုန်း ကြီး’ ၊ ‘တက်ခေတ်နတ်ဆိုး’ စသော စာအုပ်များမှာ အလွန်ထင်ရှား၏။ ‘တက်ဘုန်းကြီး’ စာအုပ်ရေးအပြီးတွင် သူ့ကို တက်ဘုန်းကြီး သိန်းဖေဟုပင် ခေါ်ကြလေသည်။ သူရေးခဲ့သော “သပိတ်မှောက် ကျောင်းသား’၊ ‘အရှေ့ကနေဝန်း ထွက်သည့်ပမာ’ ဝတ္ထုကြီးများမှာ မြန်မာစာပေလောကတွင် မှတ်တိုင် စိုက်ထူခဲ့သော စာအုပ်ကြီးများဖြစ်လေသည်။ ‘ဗိုလ်တထောင်’ သတင်းစာကို ထူထောင်ကာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သော သတင်းစာဆရာလည်းဖြစ် သည်။ သို့သော်သူက စာရေးဆရာ၊ သတင်းစာဆရာထက် နိုင်ငံရေးသမားတစ်ဦးအဖြစ် သူ့ကိုယ်သူ တန်ဖိုးထားသူ လည်းဖြစ်ပါသည်။ ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ဖဆပလခေတ်တွင် ပမညတ ခေါင်းဆောင်တစ်ဦး အဖြစ် အတိုက်အခံနိုင်ငံရေးသမား ဖြစ်ခဲ့သည်။ လွှတ်တော်အမတ်တစ်ဦးအဖြစ်လည်း လွှတ်တော်ထဲတွင် ဖဆပလ အစိုးရကို ဝေဖန်ပြောဆိုခဲ့လေသည်။ သူသည် နိုင်ငံရေးလောကတွင် ချစ်သူနည်းပြီး မုန်းသူများသော နိုင်ငံရေး သမားတစ်ယောက်ဟု တချို့ သတ်မှတ်ခဲ့သော်လည်း  နိုင်ငံရေးသမားဖြစ်ရသည်ကို ဂုဏ်ယူခဲ့သော နိုင်ငံရေးသမား တစ်ဦးဖြစ်လေသည်။

မြန်မာ့နိုင်ငံရေးလောကတွင် နောက်ထပ် အထင်ရှားဆုံး နိုင်ငံရေးသမားမှာ သခင်သန်းထွန်းဖြစ် လေသည်။ သူသည် တက္ကသိုလ်မရောက်ခဲ့သော ကျောင်းဆရာတစ်ဦးဖြစ်ကာ ကွန်မြူနစ်ဝါဒကို အသွေးထဲ၊ အသား ထဲမှ ယုံကြည်ခဲ့သူလည်း ဖြစ်သည်။ သခင်သန်းထွန်းနှင့် ပတ်သတ်ပြီး ဆရာဒဂုန်တာရာက “သူသည် မန္တလေးပိုး အပေါ်ဖုံးပိုးလုံချည်ကို ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရမည်။ အသားကဝါလဲ့လဲ့၊ ဆံပင် ကောက်ကောက်ဖြစ်သည်။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်းဖြစ်သည်။ အမူအရာမှာ သိမ်မွေ့၏။ စကားပြောလျှင် ခပ်အေးအေး ပြောတတ်သည်။

အစက ထင်ထားသလို အာပေါင်အာရင်း  ဟစ်အော်သူမဟုတ်။ ညင်ညင်သာသာလေသံဖြင့်

ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှပါ လီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း၊ သူသည် အင်္ဂလိပ်စာ၊ ရာဇဝင် စသော ဂုဏ်ထူးများဖြင့် အောင်ကြောင်းသိရသည်။ ထိုစဉ်အခါက သူသည် ရန်ကုန်အရှေ့ပိုင်းကုလား ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာပြဆရာလုပ်လျက်ရှိလေသည်။

၁၉၃၉ က တို့ဗမာ အစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယကွန်ဂရက်၏ ဖိတ်ကြားချက် အရ ရမ်းဂါးသို့ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ပါ သွားကြသည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ က သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်ပြီး စကားပြောစေသည်။ သခင်သန်းထွန်းကို ပွဲတောင်းကြသည်ဟု ဆို၏။

ဂျပန်ခေတ်လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များက သူ့ကို လေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် စိုက်ပျိုးရေးကို နားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည် ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်။

သူသည် နဂါးနီစာအုပ်အသင်းကို ထူထောင်သူဖြစ်သည်။ သူနှင့် သခင်စိုးသည် မြန်မာပြည်တွင် မာ့က်စ်ဝါဒ၊ လီနင်ဝါဒကို ပထမဆုံးဖြန့်သော သူများဖြစ်သည်။ သခင်စိုးက စာပေဖြစ်အောင်လုပ်ပေးသည်။ ဆိုရှယ် လစ်ဝါဒနှင့် မြန်မာပြည်၊ ကမ္ဘာစသည်တို့နှင့် ယှဉ်ကာ နားလည်အောင် လုပ်ပေးသူဖြစ်သည်။

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်စိုး၊ သခင်သန်းထွန်းတို့ ပြုစုစိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းကြ။ သူတို့စကားလုံးတွေကိုပင် လူတွေက သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှု ဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြသည်ဟု ရေးခဲ့ပါသည်။ သခင်သန်းထွန်းသည် နိုင်ငံရေးသတ္တဝါ လုံးလုံး လျားလျားဖြစ်၏။ ကွန်မြူနစ် စစ်စစ်လည်းဖြစ်သည။် ၁၉၄၈ ကတည်းက သူသည် ဖဆပလအစိုးရကို  လက်နက်ဆွဲ ကိုင်ကာ တောခိုသူပုန်ထခဲ့သည်။ တောထဲ၌ပင် လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်သွားခဲ့သော နိုင်ငံရေးသမားတစ် ဦးလည်း ဖြစ်ပေသည်။

မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားပြီး ချစ်သူများ ရှိသလို မုန်းသူများသည်ဟု ပြောရလောက် သောနိုင်ငံရေးသမားများ ရှိပါသည်။ ဥပမာ - သခင်စိုး၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်တို့မှာ အချစ်ခံ၊ အမုန်းခံကြား တွင် ရှိသူများ၊ တချို့က အမုန်းများခံရသူများဟု ကင်ပွန်းတပ်ခဲ့ကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် မြန်မာ့ လွတ်လပ်ရေးအတွက် ဗြိတိသျှနယ်ချဲ့သမားရော၊ ဖက်ဆစ်ဂျပန်တို့ကိုပါ တွန်းလှန်တိုက်ခိုက်ခဲ့သူများ ဖြစ်၏။

ထို့ကြောင့် နိုင်ငံတိုင်း၏ သမိုင်းများမှာပင်ဖြစ်စေ၊ ကမ္ဘာ့သမိုင်းတွင်ပင်ဖြစ်စေ နိုင်ငံရေးသမားများ သည် အရေးကြီးသော အခန်းကဏ္ဍမှနေ၍ နိုင်ငံကို ပြောင်းလဲစေခဲ့သလို ကမ္ဘာကြီးကိုလည်း ပြောင်းလဲစေခဲ့ပါသည်။ ဟစ်တလာလို၊ မူဆိုလီနီလို၊ တိုဂျိုလို ဖက်ဆစ်ဝါဒကို ကမ္ဘာတွင်မျိုးစေ့ချပေးကာ ကမ္ဘာကြီးကို မီးလောင်တိုက်သွင်း ခဲ့သူများလည်း ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးသမားများသည် သမိုင်းကို ဖန်တီးသူများဖြစ်ကြောင်းကို ကား မည်သူမျှ ငြင်းကွယ်၍မရနိုင်ပေ။ ထို့ကြောင့် နိုင်ငံရေးသမားဆိုးကို လူထုကပစ်ပယ်ကာ နိုင်ငံရေးသမား ကောင်းများကို ရွေးချယ်တတ်ဖို့သာ လိုအပ်ပါသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013