
အမေရိကန်ရဲ့ F-35 ဖိုက်တာဂျက်လေယာဉ်ကို အီရန်နိုင်ငံအလယ်ပိုင်း လေပိုင်နက်ထဲမှာ ပစ်ချခဲ့တယ်လို့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကြေညာပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ကို လိုအပ်ရင် လိုအပ်သလို တိုက်မယ်လို့ ပြောချိန်မှာပဲ F-35 လေယာဉ်ကို ပစ်ချခဲ့တာပါ။
Promise-4 စစ်ဆင်ရေးရဲ့ ၆၅ ကြိမ်မြောက် လှိုင်းလုံးစစ်ဆင်ရေးမှာ အစ္စရေးရဲ့ စွမ်းအင်အဆောက်အအုံတွေ တည်ရှိတဲ့ ဟိုင်ဖာနဲ့ အက်ဒေါ့တို့ကို ပစ်မှတ်ထားတယ်လို့ IRGC က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။
ခရုဇ်ဒုန်းကျည်ကို အဆင့်မြှင့်ထားတဲ့ ကာဒါဒုံးကျည်တွေကို ဒီစစ်ပွဲမှာ ပထမဆုံးအကြိမ် အသုံးပြုတာလို့လည်း သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန်နဲ့ အဆက်အသွယ်လုပ်နေတဲ့ ပင်လယ်ကွေ့အခြေစိုက်စခန်းတွေဖြစ်တဲ့ ဆော်ဒီမင်းသား ဆူလ်တန်လေတပ်၊ ဘာရိန်း Isa လေတပ်၊ ယူအေအီးရှိ အယ်ဒါဖရာလေတပ်တို့ကိုလည်း ကာဒါဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ IRGC က ပြောပါတယ်။
တခြားဖော်ပြချက်တခုမှာ အမေရိကန် F-35 ဖိုက်တာဂျက်လေယာဉ်ကို ကြာသပတေးနေ့ မနက် ၂ နာရီ မိနစ်၅၀ မှာ ပစ်ချနိုင်ခဲ့တယ်လို့ IRGC က ပြောထားပါသေးတယ်။
ဒါ့အပြင် အီရန်ရဲ့ လေကြောင်းကာကွယ်ရေးက အမေရိကန်နဲ့ အစ္စရေးဒရုန်း ၁၂၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း IRGC က ပြောထားပါတယ်။
သောကြာနေ့မှာ ၆၆ ကြိမ်မြောက် လှိုင်းလုံးစစ်ဆင်ရေး စတင်ပြီလို့ IRGC က ကြေညာထားကာ အရှေ့အလယ်ပိုင်းရှိ အမေရိကန်စခန်းတွေနဲ့ အစ္စရေးအလယ်ပိုင်းနဲ့ တောင်ပိုင်းကို တိုက်ခိုက်မယ်လို့ ပစ်မှတ်ထားနေပါတယ်။
Source: Reuters











